
(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ ၂၀
ချစ်နိုင်(စိတ်ပညာ)
လူဆိုသည်မှာ နိုင်ငံရေးသက်ရှိ သတ္တဝါတစ်မျိုးဟုလွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကာလဆီက ခေါမပညာရှိ တစ်ဦး ပြောဖူးလေသည်။ ကြားရခြင်း မဟုတ်ပါ။ စာအုပ်ထဲမှာဖတ်ရသည်ကို မှတ်ထားပြီး ပြန်ဖော်ပြခြင်းပါ။ အခြားပညာရှိတစ်ဦးကလည်း လူဆိုသည်မှာ ဆက်ဆံရေးသတ္တဝါဆိုမှ ပို၍မှန်သည်ဟု ပြောခဲ့သည်ဆို၏။ ခေါမခေတ်က တစ်ယောက်တစ်မျိုး လွတ်လပ်စွာ ပြောဆိုခဲ့ကြသည်ကို သူ့တပည့်ကိုယ့်တပည့်တွေက စာနှင့်ပေနှင့်မှတ်တမ်းတင်ခဲ့ကြသဖြင့် နှစ်ပေါင်းနှစ်ထောင့်ငါးရာ ကာလကြာရှည်ကို ဖြတ်သန်းကာ တတိယထောင်စုနှစ်ထဲ ၂၅ နှစ်မျှဝင် ရောက်စပြုနေသော မိမိတို့ကို သင်ကြားဆွေးနွေးသည့်သဘော ဖြစ်ပါ၏။
ယခုလည်း အသက်မတိမ်းမယိမ်း အငြိမ်း စားနိုင်ငံ့ဝန်ထမ်းဟောင်းလေး ငါးယောက်သည် စုပြီး နေပြည်တော်ရှိ မိမိအိမ်သို့ ရောက်တုန်းရောက်ခိုက် အလည်ဝင်လာကြပါသည်။ တစ်ယောက်တစ်ပေါက် ရောက်တတ်ရာရာ ပြောဆိုဆွေးနွေးရင်းပင် အခန်းကဏ္ဍနှင့် အရည်အဆင့်(Role and Status)အကြောင်း လည်းပါသည်။ လွန်ခဲ့ သောနှစ်ပေါင်း ၅၀ ကျော်ဆီက မန်းတက္ကသိုလ် စိတ်ပညာနောက်ဆုံးနှစ် သင်ရိုးညွှန်း တမ်း သင်ခန်းစာထဲမှာ ပါခဲ့သည်။ ခေါင်းဆောင်မှု
အကြောင်းလည်း ဆွေးနွေးဖြစ်ကြသည်။သဘောထားအကြောင်း၊ ကိုယ်ရည်ကိုယ်သွေးအကဲဖြတ်ခြင်းနှင့်လက္ခဏာအင်္ဂါရပ်များအကြောင်း စသည်တို့လည်းပါခဲ့သည်။ ဪ… နှစ်ပေါင်း ၅ဝ ကျော် ကာလဘဝသမုဒ်ပြင်မှာ ကူးခတ်ခဲ့ပြီးမှ တက္ကသိုလ်တုန်းက စာတွေ့အဖြစ် လေ့လာကျက်မှတ်ခဲ့သော သင်ခန်းစာများ သည် ဘဝခရီးတစ်လျှောက်တွင်အလွန်တရာ အထောက် အကူပြု၍ကြီးမားသော အကျိုးကျေးဇူးတွေပေးခဲ့ပါတကားဟု ပြောဖြစ်ကြသည်။ တက္ကသိုလ်လေးနှစ်တာကာလ၏ ကျေးဇူးတရားကိုသတိရ
အထူးပင် အသိအမှတ်ပြုမိကြ၏။ အခြားဝိဇ္ဇာသိပ္ပံဘာသာတွေတော့ မသိပါ။ စိတ်ပညာအဓိကဘာသာရပ်ကတော့ လူ့ဘဝနယ်ပယ်မည်မျှပင် ကျယ် ဝန်းထွေပြားပါစေ။ အသုံးကျနေခဲ့ပါ၏။ ပညာ၏ ကျေးဇူးဖြင့် မိမိတို့လူရာဝင်ခဲ့ကြပါ၏။ဥပမာဆိုပါရစေ။
အခန်းကဏ္ဍနှင့်အရည်အဆင့်အကြောင်းဆိုပါစို့။
မြန်မာ့ရှေးအစဉ်အလာယဉ်ကျေးမှုအရ ဒူးနေရာဒူး၊ တော်နေရာတော်ဟူသော ဓလေ့ထုံးတမ်းသည် အလွန်သင့်မြတ်သည်။ တော်နေရာ၊ စနည်းနေရာ၊ ဘဝေါနေရာ၊ မင်းညီမင်းသားနေရာ စသဖြင့် အဆင့် အတန်းအလိုက်ရှေ့ဆုံးတန်း၊ အလယ်၊ နောက်၊ နောက်ဆုံးနှင့် လက်ဝဲ ဘက်၊ လက်ယာဘက် စသည်ဖြင့် တိကျစွာပိုင်းခြားခြင်းသည် ကောင်းမွန်သည့်စနစ်ပင် ဖြစ်လေသည်။ နိုင်ငံ့ဝန်ထမ်းလောကတွင်လည်း အရာရှိ၊ အခြားအဆင့်ဟူသော ကွပ်ကဲသူကြီးကြပ်သူအဆင့်၊ လုပ်ဆောင်သူအဆင့်၊ ခွဲခြားခွဲဝေခြင်းသည် စုပေါင်းလှုပ်ရှားကြရသော ဝန်ထမ်းအဖွဲ့အစည်းဖြင့် ဟန်ချက်ညီစွာ အလုပ်ကိုပြီးစီးအောင်မြင်စေပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း
ဖြစ်စေ၊ ကုန်သွယ်မှုလုပ်ငန်းဖြစ်စေ၊ ဝန်ဆောင်မှုလုပ်ငန်းဖြစ်စေ၊ ကုန်သွယ်မှုလုပ်ငန်းဖြစ်စေ၊ အဆင့် ဆင့်သော တာဝန်ခံမှု၊ တာဝန်ယူမှုခွဲဝေပိုင်းခြားထား ရှိရပေသည်။ ရုံးသဘောအရဦးစီးတာဝန်နှင့် တည်မြဲအမိန့်( Staff Duties, Standing Orders)အရ လိုက်နာအကောင်အထည်ဖော်ကြရသည်။

အင်္ဂလိပ်၏ကိုလိုနီအုပ်ချုပ်ရေးစနစ် လက်အောက် တွင်လည်း ပြန်တမ်းဖြင့် ကွပ်ကဲကြီးကြပ်ခြင်း၊ ရာထူးခန့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ အနားပေးခြင်းတို့ ပြုခဲ့၏။ ဂေဇက်ခေါ် ပြန်တမ်းဝင်သော အရာထမ်းများကို ပြန်တမ်းဝင်အရာရှိဟု သတ် မှတ်ပါ၏။ အစိုးရအရာရှိသည် ဌာနအလိုက်ခေါင်းဆောင်တာဝန်ယူရ၏။ တာဝန်ခံရ၏။ လုပ်ငန်းဆောင်တာ အရာရာတွင် အခြေခံဥပဒေသ(Principle) လုပ်ထုံးလုပ်နည်းစည်း
မျဉ်းကျင့်ထုံး(Proceducer)နှင့် မူဝါဒ (Policy) ဟူသောအချက်များအတိုင်း တက်ညီလက်ညီလုပ် ဆောင် အကောင်အထည်ဖော်ကြရပေသည်။
စစ်အောင်ရာသောအခြေခံဥပဒေသ(မိမိသိသမျှ) ၁၄ ချက်ရှိ၏။ ပြန်ကြားရေး၏အခြေခံဥပဒေသသုံးချက်ရှိ၏။
(၁) မြန်ရမည်။ (လုပ်ငန်းကျွမ်း ကျင်မြော်မြင်)
(၂) မှန်ရမည်။ (နည်းစနစ်အဆင့်ဆင့်တတ် မြောက်)
(၃) ထိရောက်ရမည်။(အကြံကောင်း၊ဉာဏ်ကောင်း၊ ဖန်တီးတတ်)
သတင်းမီဒီယာစစ်ပွဲအကြီးအကျယ်သေရေး ရှင်ရေး ဆင်နွှဲနေရသော ယနေ့အချိန်ကာလမျိုးတွင်မြန်သော၊ မှန်သော၊ ထိရောက်သော သတင်းမီဒီယာဘက်က အနိုင်ရပြီး၊ နှေးသော၊ မှားယွင်းသော မထိရောက်သည့်ဘက်က ပြိုလဲပျက်သုဉ်း ရှုံးနိမ့်သွားမည်ပဲ ဖြစ်၏။
ခေါင်းဆောင်မှုဥပဒေသ အခြေခံအချက်ကတော့ အကိုင်းအခက်မည်မျှပင် များပြားစေကာမူ၊ ရေသောက်မြစ် သဘောအခြေခံဥပဒေသက တစ်ခုတည်းသာရှိသည်။ ဦးစီးခေါင်းဆောင်ပြုသူသည် “စံနမူနာပြသနိုင်ရမည်။” သူ၏စွမ်းဆောင်ပုံ၊လုပ်ဆောင် ချက် အောင်မြင်ပါက ငယ်သားများက စိတ်ဓာတ်မြင့်မားကြမည်။ ရဲဝံ့စွန့်စားကြမည်။ သေသေကျေကျေအလုပ်ကိုမသွေမဖည် လုပ်ကိုင်ကြသဖြင့် အောင်မြင်သော ခေါင်းဆောင်မှု၊ သြဇာတိက္ကမကိုရမည်။ “Follow me” ငါ့နောက် လိုက်ခဲ့ဟုရှေ့ကလမ်းကောင်း ပြသသူ၏ နောက်မှာ လက်အောက်ရဲဘော် ရဲဘက်တွေက အသက်ပေးရန်ဝန်မလေးကြပေ။ “Forward” ရှေ့ကိုချီတက်ကြဟု အမိန့်ပေးနေသည့် ခေါင်းဆောင်က ဘန်ကာကတုတ် ကျင်းထဲ ပုန်းနေလျှင် သြဇာမသက်ရောက်နိုင်တော့ပေ။
ထင်ရှားပေါ်လွင်စေရန် ကမ္ဘာစစ်သမိုင်းဖြစ် စဉ်များကို တိုတိုရှင်းရှင်း အကျဉ်းချုပ်ဖော်ပြခြင်းပင်။ မိမိတို့ မိတ်ဆွေဟောင်းငယ်သူငယ်ချင်းများမှာ ဝေးကွာခွဲခွာ၊ မတွေ့ကြရသည်မှာမေ့လောက်
အောင်ကြာခဲ့ပြီဖြစ်ကြသော်လည်း မမျှော်လင့်ဘဲ စုစုစည်းစည်းပြန်လည်တွေ့ဆုံကြရသောအခါ အလွန်တရာပျော်ရွှင် ဝမ်းသာမိကြပါသည်။စိတ်ကူးပေါ်ရာ စကားတွေပြောဖြစ်ကြသည်။
“မင်းက ဘယ်ကရှာရှာပြီးကူးချ ဘာသာပြန်နေတာတွေလည်း မသိဘူး။ ခေါင်းဆောင်မှုအကြောင်းတွေကိုအများကြီးရေးနိုင်တာတွေ့ရတယ်”
“မင်းဖတ်မိသလား”
“မင်းက စာအုပ်လက်ဆောင်ပေးဖို့ သတိမရပေမယ့် ကိုယ်ကဝယ်ဖတ်ပြီးအားပေးနေပါတယ်ဟ”
“ဟေ့-ဆရာချစ်က ကုန်ကြမ်းတွေ အများကြီးပေါ့ သူငယ်ချင်းရ၊ ဒီကောင်က Staff College မှာ နည်းပြငါးနှစ် လုပ်ခဲ့ရတာလေ”
“သိပါတယ်။ သူက နိုင်ငံခြားတောင် ပညာ တော်သင် တစ်နှစ်သွားရသေးတဲ့ကောင်၊ မခေဘူး
“ဒါကြောင့် ကူးတဲ့နေရာမှာတော့ ဇနက္ကမင်းသားအတိုင်းပဲဟေ့။ တော်တော်ရေးနိုင်တဲ့မောင်”
သူငယ်ချင်းတွေက မြှောက်ပင့်ပေးသဖြင့် မိမိကလည်း ကြုံတုန်းကြုံခိုက်လက်ချာတွေ ရိုက်လေသည်။ နားထောင်သူကနားထောင်၊ လှောင်သူက လှောင်၊ လောင်သူကလောင်နှင့်။ စိတ်ဝင်တစားနားထောင်နေသူနှစ်ဦး သုံးဦးကို ကံကောင်းနည်းလက်ဆောင်၊ အောင်မြင်ရေး အခြေခံဥပဒေသကို (ထုံးစံအတိုင်းအမှတ်စဉ်ထိုး၍) အနှစ်ချုပ်ပြောပြနေမိပါသေး၏။ (ကျောင်းဆရာအကျင့်က မကုန်ချင်သေးပေ။)
(၁) ပြင်းထန်ထက်သန်သောအောင်လိုစိတ်။
(၂) ယုံကြည်စွဲမြဲမှု။
(၃) မိမိကိုယ်ကို (အကြံပေးလမ်းညွှန်) ညွှန်းခြင်း။
(၄) အထူးပြုကျွမ်းကျင်ဗဟုသုတ ရှိရခြင်း။
(၅) စိတ်ကူးစိတ်သန်းရှိရခြင်း။(အတုယူတတ်ခြင်း)
(၆) စနစ်တကျဖွဲ့စည်းသည့်စီမံချက်။
(၇) ဆုံးဖြတ်ချက်။
(၈) ဇွဲ။
(၉) ကျွမ်းကျင်အုပ်စု၏ဦးနှောက်စွမ်းအား။
(၁ဝ)ပြောင်းလဲနိုင်စွမ်းရှိခြင်း။
(၁၁)မသိစိတ်အရ ရှေ့ဆက်ခြင်း။
(၁၂)ဦးနှောက်။( The Brain)
(၁၃)ဆဋ္ဌမအာရုံ။(Sixth Sense)

အင်္ဂလိပ်လို ဖတ်ထားမှတ်ထားခဲ့ခြင်းအား မိမိနားလည်သလို သူတစ်ပါးနားလည်အောင် အနှစ်ချုပ်ကြိုးစားပြီး ဆွေးနွေးရာစိတ်ဝင်တစားနားထောင် ကြသူလည်းပါသဖြင့် ဝမ်းသာရပါ သည်။ သူတို့က ဖြန့်ဝေပြန့်ပွားနိုင်ကြသူများ ဖြစ်လေသည်။ ဆရာလုပ်ခြင်းမဟုတ်ဘဲ စေတနာအရင်းခံဖြင့် ပြောနေကြောင်း သဘောပေါက်ကြပေသည်။
“မင်းကိုငါတစ်ခုမေးစရာရှိတယ်”
“ပြောလေ”
“မင်းရေးနေတဲ့စာအုပ်တစ်အုပ်ထဲမှာ ဗိုလ်ငါးပါးဆိုတာ ပါဖူးခဲ့တယ် မှတ်မိလား”
“ရေးဖူးတာမှတ်မိပါတယ်။ ဘယ်တုန်းက ဘယ် စာအုပ်ထဲမှာလဲတော့ မမှတ်မိတော့ပါဘူး”
“ကိစ္စမရှိဘူး။ ငါမေးချင်တာက ဗိုလ်ငါးပါးထဲမှာ ဘယ်ဟာက အရေးကြီးဆုံးလဲ”
မိမိ မစဉ်းစားဖူးသဖြင့် ဗိုလ်ငါးပါး၏ သဘာဝနှင့်တန်ဖိုး၊ နေရာ၊ အင်အား၊ နှိုင်းယှဉ်ချိန်ဆကြည့်မိပါသည်။ အဖြေမှန် ဘာဖြစ်မလဲ ကြိုတင်သိရှိမထားခဲ့ပေ။ ဗိုလ်ငါးပါးကို မည်ကဲ့သို့ ဝါစဉ်ရှိထားသည်ကတော့ သဒ္ဓါ၊ သတိ၊ သမာဓိနှင့် ဝီရိယ၊ ပညာဗိုလ်ငါးဖြာဟုဖြစ်ပါသည်။ အသံကာရန်ယူပြီး အဘိဓမ္မာစာမေးပွဲဖြေနိုင်ရန် ကျက်ခဲ့ခြင်းဖြစ်၍ နှစ်ပေါင်းအတော် ကြာခဲ့လေပြီ။
“ပြောလေကွာ”
“မသိဘူး၊ သူငယ်ချင်း၊ မင်းသိရင် ပြောပြစေချင်ပါတယ်”
“ဟ ပညာစမ်းတာမဟုတ်ပါဘူး။ ငါတကယ်မသိလို့ မေးတာပါ။ အချို့က ဗိုလ်ငါးပါးဆိုတာ ဘာမှန်းတောင်မသိဘူး။ မကြားဖူးကြဘူး”
“ဒါဆိုရင်မှန်မလား၊ မှားမလား မသေချာပေမယ့် ငါစိတ်ကူးအရ စဉ်းစားပြီး ဖြေမယ်နော်”
ဘေးက မိတ်ဆွေသူငယ်ချင်းတွေလည်း အခြားအကြောင်းတွေ စကားကျယ်ကျယ်အပြန်အလှန်အလုအယက် ပြောဆိုနေကြရာက ရပ်တန့်သွားသဖြင့် ငြိမ်သက်သွားကြလေသည်။
ဗိုလ်ငါးပါးဆိုတာ စွမ်းအားကြီးမားစေတဲ့ စိတ်စေတသိက်ရဲ့ လူတိုင်း ဖော်ထုတ်အသုံးချနိုင်တဲ့ ကိုယ်ပိုင်စိတ် စေတသိက် ငါးမျိုးပါပဲ။ Synergy စုပေါင်းပါဝင်မှ စွမ်းအားထွက်နိုင်တာမို့ ဘယ်ဟာက အရေးကြီးဆုံးလဲဆိုတာက ဖြေဆိုသူရဲ့ ရွေးချယ်အလေးပေးမှုအပေါ်ပဲ မူတည်မယ်ထင်တယ်။(ကိုယ့်အထင်ပါ)၊ ငါးခုစလုံးဟာအသီးသီးအရေးကြီးကြတယ်။ မပါလို့ရှိရင် စွမ်းအားအဟုန်သတ္တိမထွက်ဘူး။ နော်”
အားလုံးက စိတ်ဝင်တစား နားထောင်နေကြပါသည်။
သတိဆိုတဲ့ ဗိုလ်ဟာ သဒ္ဓါနဲ့ပညာဆိုတဲ့ နှစ်ဖက်ဝိရောဓိသဘောအားပြိုင်လွန်ဆွဲခြင်းကို မလွန်အောင်၊ မလွဲအောင်ထိန်းညှိရလို့ အဓိကကျတယ်။ ဒါ့အပြင် ဝီရိယနဲ့သမာဓိဆိုတဲ့ နှစ်ဖက်အားပြိုင်တတ်တဲ့ အရာနှစ်ခုကို သတိက ချိန်သားကိုက်အောင်ညှိရတဲ့ဆုံချက်မို့ အရေးကြီးဆုံးဟာ နှစ်ထပ်ကွမ်း သို့မဟုတ် လေးပွင့် ဆိုင်ရဲ့ အလယ် ဗဟိုမှာ အနေအထားရှိတဲ့အတွက် အရေးအကြီးဆုံး ဆိုချင်ဆိုနိုင်တယ်။ မဂ္ဂင်ရှစ်ပါးမှာလည်း သမ္မာသတိရှိပြီးမှ နောက်ဆုံး သမ္မာသမာဓိ ရောက်ရှိစေတာမို့ သတိဟာ သော့ချက်အနေနဲ့ ယူချင်ယူနိုင်ပါတယ်။ ဘာသာရေးစာပေမနှံ့စပ်ဘဲနဲ့ မိမိအမြင်အတိုင်းပဲ သူငယ်ချင်းမေးတာကို ဖြေရရင်တော့ ပညာဗိုလ်ဟာ အရေးအကြီးဆုံးလို့ ကိုယ်က ဖြေလိုက်ချင်တာပဲ”
မိတ်ဆွေ သူငယ်ချင်းများထဲက ဘယ်သူမှဒါကိုထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မပြုကြပါ။ သူတို့လည်း ဒါကို မသဲကွဲဟု ထင်ရပါသည်။ ပရိယတ္တိ ကျွမ်းကျင်သည့် ဆရာတော် သံဃာတော်ကြီးများ ထံ မေးလျှောက်ကြည့်ရပါဦးမည်။ ထင်မြင်ယူဆချက်သည် အတည်မယူနိုင်ပေ။
စာရေးသူတို့ အသက်အရွယ်က သွားကျိုး၊ ဆံဖြူ ၊ မျက်စိမှုန်မှိုင်း၊ နားလည်းထိုင်းပြီး၊ ခါးကိုင်းလုသော ခုနစ်ဆယ်ကျော်။ ပျော်ရာမှာ မနေရ၊ တော်ရာမှာသာနေရသည့်ဘဝဝယ်ယောနိသောမနသိကာရဖြင့် နေကြစဉ်တွင် ငယ်ပေါင်းရောင်းရင်း သူငယ်ချင်းမိတ်ဆွေများနှင့် စိတ်တူကိုယ်တူစကားတွေ သောသောညံအောင် ပြောဆိုခဲ့ရခြင်းက ဝမ်းသာကြည်နူးစရာ အမှတ်တရပါတည်း။
#PAN