(ပြည်တွင်း) ဖေဖော်ဝါရီ ၁၇

သုခဒဂုံပြည်သူ့အငှားအိမ်ရာနေ ပြည်သူများစားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဈေး ရောင်းချဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သုခဒဂုံဈေးသစ်တည်ဆောက်ခြင်းကို ၂၀၂၄ ခုနှစ်၊ မေလက စတင်တည်ဆောက်ခဲ့ရာ မကြာမီ ဖွင့်လှစ်နိုင်ရန် အချောသပ်လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းအနီးတို့တွင် တည်ရှိပြီး သုခဒဂုံဈေးသစ် ကြီးကို အမှတ်(၂)လမ်းမကြီးနှင့် မနီးမဝေးသောနေရာတွင် တည်ဆောက်ပေးထားခြင်းကြောင့် သုခဒဂုံအငှားအိမ်ရာတွင် နေထိုင်သောပြည်သူများအတွက် သွားလာမှုအဆင်ပြေ စေကြောင်းသိရပါတယ်။
သုခဒဂုံဈေးရုံများတည်ဆောက်ခြင်း စီမံကိန်းအကျယ်မှာ ၃ ဒသမ ၅၆ ဧကရှိပြီး အရှည် ၁၀၉ ပေနှင့် အကျယ် ၄၈ ပေရှိ ဈေးရုံခုနစ်ရုံပါဝင်ကာ ၎င်းဈေးရုံများအတွင်း ၆ ပေပတ်လည်အကျယ်ရှိ ဈေးဆိုင်ခန်း စုစုပေါင်း ၃၉၂ ဆိုင် ဖွင့်လှစ်ရောင်းချနိုင်ရန် တည်ဆောက်ထားရှိပါတယ်။ ဈေးဆိုင်ခန်းများ လေဝင်လေထွက်နှင့် သဘာဝ အလင်းရောင်များရရှိကာ လေဒဏ်၊ မိုးဒဏ်များ ဖြစ်ပေါ်မှုကိုလည်း ကြံ့ခိုင်နိုင်စေရန်အတွက် သံမဏိသံပေါင်များဖြင့် လှပခိုင်ခံ့စွာ တည်ဆောက်ပေးထားပါတယ်။
ဒါ့အပြင် ဈေးရုံခုနစ်ရုံ၏ မျက်နှာစာအနီးမှာ ခေါင်းရွက်ဗျပ်ထိုးနှင့် ကုန်စိမ်းသီးနှံအမျိုးမျိုး၊ ခြံထွက်ပန်းအမျိုးမျိုးနှင့် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်မှုပြုလုပ်နိုင်တဲ့ အရှည်ပေ ၂၀၀ နှင့် အကျယ် ၉၄ ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်ခင်းလဟာပြင်ဈေးကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။
သုခဒဂုံဈေးသစ်ကြီးအတွင်းရှိ ဈေးသူဈေးသားများအတွက် အရှည် ၂၈ ပေနှင့် အကျယ် ၁၆ ပေရှိ ၅ ခန်းတွဲ အများသုံးသန့်စင်ခန်း သုံးလုံး၊ ကား ၄၈ စီးခန့်ရပ်နားနိုင်သော ကားရပ်နားရန်နေရာများ၊ ကုန်တင်ကုန်ချနေရာများ၊ အမှိုက်စွန့်ပစ်နိုင်သော ကွန်ကရစ်အမှိုက်ကန်များ၊ ဈေးရုံများ၊ စီမံခန့်ခွဲရေးရုံး၊ လဟာပြင်ဈေးသည်များအတွက် လေကာပင်များနှင့် အရိပ်ရသစ်ပင်ကြီးများကို စိုက်ပျိုးထားရှိပါတယ်။
အဆိုပါစီမံကိန်းအတွင်း လျှပ်စစ်မီးကို ၁၁ ကေဗွီဓာတ်အားလိုင်းမှ ရယူအသုံးပြုလျက်ရှိပြီး ဈေးရုံများ ရေရှည် အသုံးပြုနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ဈေးရုံပတ်ဝန်းကျင်အတွင်း ကွန်ကရစ်အုတ်ရေမြောင်းကိုလည်း စနစ်တကျတည်ဆောက်ပေးထားကာ ဈေးရုံပတ်ဝန်းကျင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် အရှည် ၂၂ ပေ၊ အကျယ် ၅ ပေနှင့် အနက် ၆ ပေရှိ Box Culvert ငါးခုကိုလည်း ထည့်သွင်းတည်ဆောက်ပေးထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews