(မှုခင်း) ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ နောင်လွန်ကျေးရွာ၊ အောင်တော်မူ က္ကုစ္ဆာသယ တောရကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးသဒ္ဓမ္မဝံသရဲ့ ကျောင်းပိုင်ကားကို ဆရာတော်အား ဆက်သွယ်ထားပြီး ဆရာတော်ရဲ့ကားကို ကားချိန်းပေးမယ်ဆိုသူက လိမ်လည်မောင်းနှင်ယူဆောင်သွားတယ်လို့ သိရပါတယ်။

Tik Tok လူမှုကွန်ယက်မှာ အောင်တော်မူဆရာတော် အကောင့်နဲ့ ကင်ဆာရောဂါတွေကို ဆေးကုသပေးနေတဲ့ အောင်တော်မူ က္ကုစ္ဆာသယ တောရကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးသဒ္ဓမ္မဝံသရဲ့ ကျောင်းပိုင်ကားနဲ့ မယ်တော်ဖြစ်သူကို ဆေးကုသပေးဖို့ ကျောင်းနေ သီလရှင် ဆရာလေးတွေဖြစ်တဲ့ ဒေါ်အဂ္ဂညာနီ၊ ဆရာလေး ဒေါ်ဥတ္တရညာနီ၊ ကပ္ပိယဖြစ်သူ ဦးမောင်မောင်ခင်၊ (၁)နှစ်(၆)လအရွယ် ကလေးငယ် မသင်းထူးထူးမြတ်တို့ဟာ ယာဉ်မောင်း ကောင်းခန့်ဇော်နဲ့အတူ နောင်လွန်ကျေးရွာကနေ ပုသိမ်-မုံရွာကားလမ်းအတိုင်း ဟင်္သာတမြို့ကို MDY-22 RLG-1182 TOYOTA CROWN ROYAL SLOON ကျောင်းပိုင်ကားနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က သွားရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
နောင်လွန်ကျေးရွာကနေ ပုသိမ်-မုံရွာကားလမ်းအတိုင်း ဟင်္သာတမြို့၊ ဒူးယားတိုက်နယ်၊ ကြက်ခတ်ကွင်းအုပ်စု၊ ထောင်တကာကျေးရွာက ဒေါ်ခင်လှ နေအိမ်ကို ဆေးကုသဖို့ ထွက်ခွာလာခဲ့ကြတဲ့ သီလရှင်ဆရာလေးတွေဟာ ကြံခင်းမြို့နယ်အတွင်းကို ည ၁၀ နာရီခွဲ အချိန်ခန့်မှာရောက်ရှိခဲ့ပြီး ပုသိမ်-မုံရွာလမ်းက ရွာတစ်ရွာအနီးအရောက်မှာ အမည်မသိသူတစ်ဦးက ဖုန်းဆက် ကားတားခဲ့တာကြောင့် ရပ်ပေးခဲ့ပြီး အဲဒီလူက ခရီးဝေးက မောင်းလာတာကြောင့် ကားအား သူကိုယ်တိုင် မောင်းနှင်မယ်လို့ပြောကာ လမ်းရဲ့ဝဲဘက်ကို ချိုးကွေ့ပြီး ကျေးရွာတောလမ်း အတိုင်း မောင်းနှင်ခေါ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။
ဖုန်းဆက် ကားတားခဲ့တဲ့သူဟာ ဆရာတော်ကို ဖုန်းနဲ့ လွန်ခဲ့သော (၃)ရက်ခန့်က ဆရာတော်ရဲ့ကားကို ကားချိန်းပေးမယ်ဆိုကာ ဆက်သွယ်ထားသူဟုဆိုသူမှ နေရာမသိ ဝါးတောတစ်ခုအရောက်မှာ ကားချိန်းပေးမယ်၊ ယခုကားသွားပြမယ် ချက်ချင်းပြန်လာမယ်လို့ ပြောဆိုပြီး ကားပေါ်မှာပါလာသူ အားလုံး ဆင်းခိုင်းကာ ကားအား မောင်းနှင်ယူဆောင်သွားရာ နာရီဝက်ခန့် ကြာသည်အထိ စောင့်ဆိုင်းနေခဲ့ပေမယ့် ပြန်လည်ရောက်ရှိလာတာမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ကားချိန်းပေးမယ်ဆိုသူယူဆောင်သွားတဲ့ ကားပေါ်မှာ ဆေးကုသမှုကူညီပေးငွေ အရေအတွက်မသိ ထည့်ထားတဲ့ ပိုက်ဆံအိတ် (၁)အိတ်၊ Redmi Note 8 Pro အပြာရောင် ဖုန်း(၁)လုံး၊ Infinix အပြာနုရောင် ဖုန်း(၁)လုံး၊ SAMSUNG အစိမ်းနုရောင်ဖုန်း(၁)လုံး၊ အမျိုးအစားမသိ အပြာရောင်ဖုန်း(၁)လုံး၊ OPPO အစိမ်းပုတ်ရောင်ဖုန်း(၁)လုံး၊ စုစုပေါင်း ဖုန်း(၅)လုံး(တန်ဖိုး စိစစ်ဆဲ)တို့ ပါသွားတယ်လို့လည်း သိရပါတယ်။
အောင်တော်မူ က္ကုစ္ဆာသယ တောရကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးသဒ္ဓမ္မဝံသရဲ့ ကျောင်းပိုင်ကား MDY-22 RLG-1182 TOYOTA CROWN ROYAL SLOON ကားနဲ့ ကားပေါ်ပါပစ္စည်းတွေကိုယူဆောင်သွားတဲ့ အမည်မသိသူကို အမြန်ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာက ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။