၂၀၂၀ ရွေးကောက်ပွဲမှာကော်မရှင်အနေနဲ့ နာမည်ပျက်ခဲ့ရလို့ လာမယ့်ရွေးကောက်ပွဲမှာဒီလိုမဖြစ်စေရဘူးလို့ ရွေးကော်ဥက္ကဋ္ဌပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၅

မီဒီယာတွေကို ရွေးကောက်ပွဲကာလ သုံးပိုင်းလုံးမှာ စနစ်တကျသတင်းရယူခွင့်ပြုမှာဖြစ်ပြီး ကော်မရှင်နဲ့ သတင်းမီဒီယာကောင်စီတို့ညှိနှိုင်းကာ မီဒီယာလုပ်ငန်းလမ်းညွှန်ကို ထုတ်ပြန်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုကပြောဆိုထားပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင်အနေနဲ့ နာမည်ပျက်ခဲ့ရတာကြောင့် လာမည့်ရွေးကောက်ပွဲမှာ ၂၀၂၀ ကလို မဖြစ်စေရပဲ တရားမျှတသော၊ ဥပဒေနဲ့ညီသော ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် ကတိပေးထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်တဲ့အဖွဲ့တို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၁၀ နာရီက နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်မှာတွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

ဥက္ကဋ္ဌနှစ်ဦးတွေ့ဆုံစဥ် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေကို သတင်းရယူခွင့်ပြုနိုင်ရေး၊ ယခင်ဆောင်ရွက်ခဲ့တဲ့ သတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်ကို ပိုမိုပြည့်စုံစေဖို့ ညှိနှိုင်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်း များဆောင်ရွက်သွားရေး အပါအဝင် သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

လာမည့်အထွေထွေရွေးကောက်ပွဲမှာ ကော်မရှင်နဲ့ သတင်းမီဒီယာ ရင်းရင်းနှီးနှီး ဆောင်ရွက်သွားမှာဖြစ်ပြီး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ ကော်မရှင်ဝန်ထမ်းတွေရဲ့ တာဝန် ထမ်းဆောင်မှုတွေနဲ့စပ်လျဉ်းပြီး သိရှိလိုတာတွေနဲ့ ပြောကြားလိုတာတွေရှိရင် ကော်မရှင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ကတစ်ဆင့် မေးမြန်းနိုင်သည်ကိုလည်း ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ်။

#PAN #ရွေးကောက်ပွဲကော်မရှင် #မီဒီယာကောင်စီ

#သတင်းယူခွင့်