ပထမဆုံးအကြိမ် ၄ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ ရာဒူကာနူ


(အားကစား) ဖေဖော်ဝါရီ ၁၃

ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ ကာတာအိုးပင်း ပထမအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားဘဝ ပထမဆုံးအကြိမ် ၄ ပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။

ရုရှားတင်းနစ်မယ် အဲလက်ဇန်ဒရိုဗာနဲ့ ယှဉ်ပြိုင် ခဲ့ရတဲ့ ကာတာအိုးပင်း ပထမအဆင့်ပွဲမှာ ရာဒူကာနူ က ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲလက်ဇန်ဒရိုဗာ က အမှတ်တွေ ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အဲလက်ဇန်ဒရိုဗာက ၆း၃၊ ၇း၅ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒိုဟာမှာ ကျင်းပတဲ့ အခုပြိုင်ပွဲကို ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း ရာဒူကာနူအနေနဲ့ လက်ရည်စစ်ပွဲကစားစရာမလိုဘဲ အလိုအလျောက်ဝင်ခွင့်ရခဲ့ပေမဲ့ အခုနှစ်အစပိုင်းမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရာဒူကာနူ ဟာ စောစောစီးစီးပဲ ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။

ဩစတြေးလျအိုးပင်းမှာ တတိယအဆင့်အထိ ရောက်ခဲ့တဲ့ ရာဒူကာနူ ဟာ အဲဒီပွဲနောက်ပိုင်း ကစားခဲ့တဲ့ စင်ကာပူအိုးပင်း၊ အဘူဒါဘီအိုးပင်း ပြိုင်ပွဲတွေမှာ ပထမအဆင့်မှာပဲရှုံးနိမ့်ခဲ့ပြီး ထွက်ခဲ့ရသလို အခု ကာတာအိုးပင်းမှာ လည်း ပထမအဆင့်မှာပဲ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာဒူကာနူ ဟာ ကမ္ဘာ့အဆင့် (၃၀) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN