နေရောင်ခြည်မှ ရသော ကျန်းမာရေးအတွက် ကောင်းကျိုးနှင့် ဆိုးကျိုးများ

(ကျန်းမာရေး)ဖေဖော်ဝါရီ ၁၀

      နေရောင်ခြည် ဟာ နေ့စဉ်ထိတွေ့နေရတဲ့ သဘာဝ တရားရဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ PAN ပရိတ်သတ်များအတွက် ကျန်းမာရေးဗဟုသုတရစေဖို့  နေရောင်ခြည်မှ ရသော ကျန်းမာရေးအတွက် ကောင်းကျိုးနှင့် ဆိုးကျိုးများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကောင်းကျိုးများကတော့

(၁) စိတ်ခံစားမှုကောင်းစေခြင်း

       နေဟာ သဘာဝကြီးကပေးသော စိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဖြင့် လူတွေကို စွမ်းအင်ပိုမိုရရှိစေပြီး စိတ်ခံစားမှု ပိုမိုကောင်းမွန်စေပါတယ်။ နေရောင်ခြည်ဟာ ဦးနှောက်တွင်းရှိ Serotoninကို ပိုမိုထုတ်လုပ်စေနိုင်တဲ့အတွက် သင့်ကိုပျော်ရွှင်စေဖို့ ကူညီပေးပါတယ်။

(၂) စိတ်ကျရောဂါကို သက်သာစေခြင်း

       နေရောင်မမြင်ရသော နိုင်ငံတွေရဲ့ ဆောင်း တွင်းဘက်မှာ လူတွေ စိတ်ကျရောဂါအဖြစ်များကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ ဒီလို စိတ် ကျရောဂါဖြစ်နေသူတွေကို နေရောင်ခြည်နဲ့ ထိတွေ့စေတဲ့အခါ သူတို့ကြုံတွေ့နေရသော စိတ်ကျခြင်းလက္ခဏာတွေ သက် သာလျော့ပါးလာကြပါတယ်။

(၃) အိပ်စက်ရာတွင် ကူညီပေးခြင်း 

      နေရောင်နဲ့ ထိတွေ့ခြင်းဖြင့် အိပ်ပျော်စေသော မယ်လတိုနင်ဟော်မုန်းတွေကို ဦးနှောက်ကနေ ထုတ်လုပ်ပေးရာတွင် တစ်နည်းတစ်ဖုံ သက်ရောက်မှုဖြစ်စေပါတယ်။မှောင်နေတဲ့အချိန်မှာဆိုရင် နောက်နှစ်နာရီအတွင်း အိပ်ပျော်စေမယ့် မယ်လတိုနင်ဟော်မုန်းတွေကို ကိုယ်ခန္ဓာကနေ ထုတ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် နွေရာသီလို နေပူပြင်းတဲ့ ရာသီတွေမှာဆိုရင် တော်တော်နဲ့ အိပ်မပျော်ဘဲ လန်းဆန်းနေတာဖြစ်ပါတယ်။

(၄) ဗီတာမင် ဒီ

       ဗီတာမင်ဒီဟာ အရိုးနဲ့ သွားတွေကို သန်မာစေပြီး ကိုယ်ခံအားကောင်းမွန်စေတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ဗီတာမင်ဒီ အားဆေးပြားတွေ မှီဝဲခြင်းဖြင့် ဗီတာမင်ဒီအလုံအလောက်ရနိုင်သလို နေရောင်ခြည်ရဲ့ UV အလင်းတန်းတွေဆီကလည်း သဘာဝအတိုင်း ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ လေ့လာချက်တွေအရဆို တစ်နေ့ကို မနက်ခင်းနေရောင်ခြည် ၁၅မိနစ်ခံရုံဖြင့် လုံလောက်တဲ့ ဗီတာမင်ဒီကို ရစေတယ်လို့ သိရပါတယ်။

ဆိုးကျိုးများကတော့ –

(၁)  မျက်စိကို ထိခိုက်စေခြင်း

      အကာအကွယ်မပါဘဲ နေ့စဉ်နေရောင်နဲ့ ရေရှည်ထိတွေ့နေမယ်ဆိုရင်တော့ မျက်စိအတွင်းထဲရှိ အမြင်ပုံရိပ်တွေကို လက်ခံပေးတဲ့ မျက်စိမြင်လွှာကို ပျက်စီးစေနိုင်ပါတယ်။ နောက်ပြီး မျက်စိတိမ်စွဲစေဖို့လည်း အလားအလာများပါတယ်။

(၂)  အပူကြောင့် လွန်ကဲစွာ ပင်ပန်းနွမ်းလျခြင်း (Heat Exhaustion)

      နေပူထဲထွက်တာများခြင်းကြောင့် ချွေးထွက်လွန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ မူးဝေခြင်း၊ စိတ်တိုလာခြင်း၊ ရေဆာခြင်း၊ ကိုယ်ပူချိန်မြင့်လာခြင်း၊ ဆီးနည်းခြင်းစတဲ့ လက္ခဏာတွေကို အပူကြောင့် လွန်ကဲစွာပင်ပန်းနွမ်းလျခြင်းလို့ သတ်မှတ်ပါတယ်။

(၃)  အပူချိန်ပြင်းထန်မှုကြောင့် သတိလစ်ခြင်း (Heat Stroke)

        အပေါ်မှာပြောသွားတဲ့ အပူကြောင့် လွန်ကဲ့သောနွမ်းနယ်ခြင်းကို ကောင်းစွာမကုသဘူးဆိုရင်တော့ အပူကြောင့် သတိလစ်တဲ့အထိဖြစ်စေပြီး အသက်ကိုပါထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ စကားဗလုံးဗထွေးပြောခြင်း၊ ပတ်ဝန်း ကျင်ရှိ နေရာ၊ အချိန်နဲ့ လူတွေကို မသိတော့ခြင်း၊ သတိလစ်ခြင်း၊ အရေပြားပူပြင်းခြောက်သွေ့ခြင်း၊ တက်ခြင်းတို့ ဖြစ်ပါတယ်။

(၄) နေလောင်ခြင်း

      နေပူထဲတွင် အချိန်ကြာကြာနေမိတဲ့အခါ UV အလင်းတန်းများကြောင့် နေလောင်ခြင်းဖြစ်စေပါတယ်။ အရေပြားနီရဲခြင်း၊ နာကျင်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊အရည်ကြည်ဖုများထွက်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်ပါက နေလောင်ဒဏ်ခံရပြီလို့ သတ်မှတ်နိုင်ပါတယ်။ ချက်ချင်းကုသမှုခံယူသင့်ပါတယ်။

(၅)  အရေပြားကင်ဆာ

       အရေပြားကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပေမယ့် နေရောင်ကို မကြာခဏထိတွေ့ခြင်းက အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်ထဲ အများဆုံးထိတွေ့ရတဲ့နေရာတွေမှာ အဖြစ်များပြီး မှဲ့တွေကနေတစ်ဆင့် ကင်ဆာအဖြစ်ပြောင်းလဲလာနိုင်တဲ့ melanoma လည်းဖြစ်နိုင်တဲ့အတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ မှဲ့တွေ အရွယ်အစားကြီးလာတာ၊ အရာင်ပြောင်းလာတာ၊ ရောင်လာတာ၊ သွေးထွက်လာတာတွေကို သတိထားပြီး စောင့်ကြည့်ပေးသင့်ပါတယ်။

(၆)  အရေးကြောင်းများဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း

       နေရောင်ခြည်မှာပါတဲ့ UVအလင်းတန်းတွေက ကော်လဂျင်တွေကို ဖျက်စီးပစ်တာကြောင့် အရေပြားကို အိုမင်းရင့်ရော်စေပြီး အရေးကြောင်းတွေကို ပိုမိုဖြစ်စေပါတယ်။ ဒါ့ပြင် တင်းတိပ်နဲ့ အမည်းစက်တွေကိုပါ ဖြစ်ပေါ်စေပါတယ်။

      နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားပျက် စီးခြင်းတွေကို ကာကွယ်ဖို့အတွက် နေပူထဲ မထွက်ခင် မိနစ်၂၀ခန့်ကြိုတင်ပြီး sunscreen လိမ်းပေးပါ။ နေပူထဲတွင်၂နာရီခန့်နေရသောအခါ တစ်ကြိမ်ထပ်လိမ်းပေးသင့်ပါတယ်။ နေပူတဲ့အချိန် အပြင်သွားရပါက ထီး၊ ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်းတို့ကို လိုက်နာပါ။ သင့်အရေပြားပေါ်မှာ နေရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ရပြီဆိုလည်း ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ အကြံပေးတင်ပြလိုက်ပါတယ်။

(၆)  ကိုယ်ခံအား စနစ်အားနည်းလာခြင်း။

       ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများခြင်းက ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

       ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ နေရောင် ခြည်ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို သေချာသိရှိပြီး ကာကွယ်နိုင်ကြဖို့နဲ့ ကောင်းကျိုးတွေရဖို့အတွက် နေရောင်ခြည်ကို အထိုက် အလျောက် ထိတွေ့ပေးကြဖို့လည်း အကြံပြုလိုက်ပါတယ်။

#PAN