နိုင်ငံတော်သြဝါဒါစရိယ၊ အင်္ဂုတ္တိုရ်နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး ပျံလွန်တော်မူ


(ပြည်တွင်း) ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်ရဲ့ ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊ အင်္ဂုတ္တိုရ် နိဿယကျမ်းပြုအကျော်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပညိဿရာဘိဝံသ ဟာ သက်တော် ၉၀ နှစ်၊ ဝါတော် ၇၀ ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်မှာတော့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ကြီးလောင်းလျာဟာ စစ်ကိုင်းမြို့၊ ရေဦးမြို့နယ်၊ သရက်ကန်ကျေးရွာမှာ ၁၂၉၆ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၁၁ ရက်မှာဖွားမြင်တော်မူခဲ့ပြီး ခမည်းတော် ဦးပေါကူနှင့် မယ်တော် ဒေါ်ဖွားမြူ တို့ဖြစ်ပါတယ်။

၁၃ဝ၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်မှာ ရေဦးမြို့၊ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ၁၃၁၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်မှာ ရေဦးမြို့နယ်၊ ချမ်းသာကြီး ပါဠိတက္ကသိုလ်ကျောင်းတိုက်၏ ခဏ္ဍသိမ်မှာ ဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအဖြစ်ရောက်ရှိ တော်မူခဲ့ပါတယ်။

ပရိယတ္တိစာပေများကို ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာ၊ အောင်ဘုံ ကျောင်းဆရာတော်၊ ရေဦးမြို့၊ ချမ်းသာကြီး ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်နှင့် စာချဆရာတော် များ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ တိုက်ဆရာတော်နှင့် စာချဆရာတော်များ၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော်နှင့်စာချဆရာတော်များ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်၊ ဈေးကျောင်းဆရာတော်၊ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်နှင့် စာချဆရာတော်များထံမှ သင်ယူ ဆည်းပူးတော်မူခဲ့ပါတယ်။

ဆရာတော်ကြီးက အစိုးရပထမပြန် စာမေးပွဲတွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ကို အောင်မြင် ခဲ့ပြီး သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့၊ သကျသီဟ ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့၊ အဘိဓမ္မပါဠိပါရဂူဘွဲ့ တို့ကိုလည်း အောင်မြင်တော်မူခဲ့ပါတယ်။

ဒါ့အပြင်ဆရာတော်ကြီးက သာသနာ့ဂုဏ်ရည်ချမ်းသာကြီးကျောင်းတိုက်၌ စာသင်သား ရဟန်း၊ သာမဏေများအား ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးတော်မူခဲ့ပြီး အင်္ဂုတ္တိုရ်ပါဠိတော် ၁၁ ကျမ်း၏ အနက်အဓိပ္ပါယ် အကျယ်အဖွင့်ကျမ်း(၅)တွဲ၊ သုတ်မဟာဝါဋီကာ နိဿယ အဓိပ္ပါယ်အကျယ်အဖွင့်ကျမ်း(ပ၊ ဒု)တွဲတို့ကို ရေးသားပြုစုတော်မူခဲ့ပါတယ်။

ဆရာတော်ကြီး ဟာ တိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်းပြုအဖွဲ့ဝင်နှင့် အဖွဲ့ခေါင်းဆောင်၊ နိကာယ်စာမေးပွဲဥက္ကဋ္ဌ၊ နိကာယ်စာမေးပွဲ ပုစ္ဆက၊ ဝိသုဒ္ဓိမဂ်သင်တန်းနည်းပြ တာဝန်၊ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာတေဇမုနိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ရွှေမေတ္တာလူမှု ကူညီရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကတို့အဖြစ်ထမ်းဆောင်တော်မူခဲ့ကာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် နိုင်ငံတော်အစိုးရက “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့တံဆိပ်တော်မြတ် ဆက်ကပ်တော်မူ ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN