(ပြည်တွင်း) ဖေဖော်ဝါရီ ၅

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ နိုင်ငံတစ်ဝန်းရှိ တောင်သူများအား စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Loan) စုစုပေါင်း ငွေကျပ် ၂၄၀ ဘီလီယံကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။
အဆိုပါ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ်ပေါင်း ၁၈၇ မြို့နယ်မှ တောင်သူဦးရေ ၅,၈၁၆ ဦးကို စုစုပေါင်းချေးငွေ ငွေကျပ် ၂၄၇ ဒသမ ၄၄၈ ဘီလီယံ ကျော်ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ပါတယ်။
ချေးငွေများထုတ်ချေးပေးရာမှာ နိုင်ငံတစ်ဝန်းရှိ တောင်သူများအား လယ်ယာစိုက်ပျိုးရေး ဆောင်ရွက်ရာတွင် လိုအပ်တဲ့ စက်ကိရိယာပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရန်၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေကို အရစ်ကျပြန်ဆပ်စနစ်နဲ့ နှစ်တိုကာလသုံးနှစ်၊ နှစ်ရှည်ကာလငါးနှစ်အထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများမှတစ်ဆင့် သက်သာတဲ့အတိုးနှုန်းနဲ့ ထုတ်ချေးပေးခြင်းဖြစ်ပါတယ်။
လက်တွန်းလယ်ထွန်စက်၊ ထော်လာဂျီနှင့် စက်အငယ်စားများ အတွက် သုံးနှစ်အထိ ချေးငွေများထုတ်ချေးပေးလျက်ရှိပြီး ရိတ်သိမ်းခြွေလှေ့စက်များ၊ လယ်ထွန်စက်ကြီးများ၊ စက်အကြီး စားများနှင့် စက်ရုံ၊ အဆောက်အအုံများအတွက်တော့ ငါးနှစ်အထိ ချေးငွေထုတ်ချေးပေးလျက်ရှိကြောင်း သိရပါတယ်။
ယခင်က တောင်သူများအနေနဲ့ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေလျှောက်ထားပါက တောင်သူတစ်ဦးလျှင် အများဆုံး ငွေကျပ် သိန်း ၇၀၀ အထိ ထုတ်ချေးပေးခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး တောင်သူတစ်ဦးလျှင် အများဆုံးငွေကျပ် သိန်း ၁,၂၀၀ အထိ ထုတ်ချေးပေးပြီး အတိုးနှုန်းကိုလည်း တစ်နှစ်ကို ၇ ရာခိုင်နှုန်း သာကောက်ခံခဲ့ပါတယ်။
ချေးငွေများ လျှောက်ထားလိုသောတောင်သူများအနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများနှင့် ချိတ်ဆက်ပြီး ချေးငွေရယူနိုင်ပါတယ်။ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံဖြင့် လျှောက်ထားလာပါက လည်း သက်ဆိုင်ရာဘဏ်များမှ တာဝန်ရှိသူများက တောင်သူများအား ချေးငွေအမြန်ဆုံးရရှိစေရန် ကူညီဆောင်ရွက်ပေး လျက်ရှိပါတယ်။
ယခုဘဏ္ဍာနှစ်အတွင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုရှိ မြို့နယ် ၁၉ မြို့နယ်မှ တောင်သူ ၆၁ ဦးကို စိုက်ပျိုး ရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စုစုပေါင်းငွေကျပ် ၅,၄၈၁ ဒသမ ၂ သန်း ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews