(ပြည်တွင်း)ဇန်နဝါရီ ၂
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ဘန်းကန်ကျေးရွာနဲ့ ရပ်စောက်မြို့နယ် မြို့ဦးကျေးရွာ ကြားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့တွေက တရားဝင်မျှောစာနဲ့ သယ်ယူလာတဲ့ ဆီဘောက်ဆာကားတွေနဲ့ ဆီပန့်ဆိုင်တွေကိုဆက်ကြေးအဆမတန်တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

RCSS/SSA တွေဟာ ဆီဘောက်ဆာတစ်စီးကို အနည်းဆုံး ငွေကျပ်သိန်း၂၀ ကနေစတင်တောင်ယူနေပြီး ယခင်ကတောင်းယူတာမရှိခဲ့တဲ့ ဆီပန့်ဆိုင်တွေဆီကလည်း တောင်းယူလာနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“အရင်က ဘောက်ဆာကားတွေပဲ သိန်းနှစ်ဆယ်တောင်းတာ ခုက ဆီဆိုင်တွေကိုပါတောင်းလာတယ်” လို့ အဲ့ဒီဒေသမှာရှိတဲ့ PAN ရဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
တောင်ကြီးနဲ့ရပ်စောက်မြို့တွေကို မြေပြန့်ကနေ စက်သုံးဆီတွေသယ်ယူပို့ဆောင်ပေးနေတဲ့ ဆီဘောက်ဆာယာဥ်မောင်းတစ်ဦးကတော့ RCSS/SSA တွေဟာ ဆီဘောက်ဆာကားတွေကို ရပ်တန့်ထားခိုင်းပြီး ငွေလက်ငင်းပေးဖို့ ငွေလက်ငင်းမပေးရင်ဆီချထားဖို့ ကားပါထားခဲ့ဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“သိန်း ၂၀ အခုတောင်းတယ် လက်ငင်းမပေးရင် ဆီချထားဖို့ပြောတယ်။ ငွေမရရင်ကားမပေးသွားနိုင်ဘူး ငွေရမှပေးသွားမယ်”လို့ သူတို့ကပြောဆိုတယ်ဆိုပြီး ကားသမားကပြောပါတယ်။
RCSS/SSA တွေဟာ ဆီဘောက်ဆာကားတွေအပြင် ဆီဘောက်ဆာပေါ်မှာပါလာတဲ့ မျှောစာထဲကအတိုင်း ဆီဆိုင်တွေကို ဆက်ကြေးထပ်မံတောင်းခံနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
ယခင်က ဆီလောက်ဆာတွေသာပေးဆောင်နေရပေမယ့် အခုဆီဆိုင်တွေကို ဂေါက်အရေအတွက်နဲ့ တစ်ဂေါက်ကို သုံးသိန်းနှုန်းနဲ့ ပေးဆောင်နေကြရပြီဖြး်တယ်လို့လည်း ဒေသခံတွေက PAN ကိုပြောဆိုလာကြာတာဖြစ်ပါတယ်။
#PAN #RCSS/SSA #ဆက်ကြေးတောင်း #တောင်ကြီး #ရပ်စောက်