
(ဆောင်းပါးကဏ္ဍ) ဖေဖော်ဝါရီ ၂
နေဇင်လတ်
အမေရိကန်ကိုသာမက ကမ္ဘာကြီးကိုပါ အတော်လှုပ်ခါနိုင်တဲ့ ထရမ့်လို့ ပြောရပါလိမ့်မယ်။ သမ္မတလောင်းမဲဆွယ်စည်းရုံးရေးဆောင်ရွက်စဉ်ကစပြီး အတော်လှုပ်လှုပ်ရွရွဖြစ်အောင် သူ့စကားတွေက လေနီကြမ်းတိုက်နိုင်ခဲ့တာ တွေ့ရတယ်။ ဥပမာအားဖြင့် ယူကရိမ်းစစ်ကို ရပ်တန့်နိုင်သူဟာ သူတစ်ဦးတည်းရှိတာတို့၊ BRICS အဖွဲ့ဝင်တွေကို အမေရိကန်ဒေါ်လာကိုဘေးဖယ်ထားမယ်ဆိုရင် အဖွဲ့ဝင်တွေ အားလုံးကို
သွင်းကုန်အပေါ်မှာ ရာခိုင်နှုန်း ၁ဝဝ အခွန်တိုးမြှင့်ကောက်ခံမယ်တို့၊ NATO အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ဖို့ စဉ်းစားမယ်ဆိုတာတို့ဟာ ဟာရီကိန်းအဆင့် ၅ ပြင်းထန်တဲ့မူဝါဒကို ရောင်ပြန်ဟပ်စေတဲ့စကားလုံးတွေပါ။
NATO အဖွဲ့ကြီး လှုပ်ခါသွားရပါတယ်။ BRICS အဖွဲ့ဝင်တွေလည်း ထိတ်လန့်ကုန်ကြပါတယ်။ ဇလန်စကီးလည်း ဘိုင်ဒင်နဲ့ပဲစကားပြောရတော့မလိုလို၊ ထရမ့်နဲ့ပဲစကားပြောရတော့မလိုလို ဖြစ်လာရပါတော့တယ်။ ကမ္ဘာကြီးဘယ်ပုံစံနဲ့ဖြစ်တည်လာမလဲလို့ ခန့်မှန်းကြရပါတော့တယ်။
ပထမနေ့မှာ အမိန့်(၂၅)ခုထုတ်မယ်
ရွေးကောက်ပွဲမှာ ထရမ့်က ဟဲရစ်ကို ပြတ်ပြတ် သားသား အနိုင်ရလိုက်တော့ President ဆိုတဲ့ သမ္မတမဟုတ်သေးပေမယ့် President Elect ဆိုတဲ့ရွေးကောက်ခံသမ္မတတော့ဖြစ်လာခဲ့ပါပြီ။ ၂၀၂၅ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းကျိန်ခဲ့ပြီးပါပြီ။ ကျမ်းကျိန်ပြီးတာနဲ့သမ္မတ ဖြစ်ပါပြီ။ သမ္မတဖြစ်တဲ့ ပထမနေ့ The very first day in White House ဆိုတဲ့ Day-1 မှာပဲ Executive Order (25)ခု ထုတ်ပြန်မယ်လို့ဆိုတယ်။ အဲ့ဒီအဖြစ်ဟာ အမေရိကန်နိုင်ငံကြီးရဲ့ မူဝါဒအပြောင်း အလဲတွေကို ထင်ဟပ်စေမယ်လို့လဲဆိုပြန်ပါတယ်။ အမေရိကန်သမ္မတသမိုင်းမှာ Day -1 ထုတ်ပြန်တဲ့ Executive Order အများဆုံးထုတ်ပြန်တဲ့သမ္မတဖြစ်လာပါလိမ့်မယ်။
ဘယ်လိုအမိန့်မျိုးတွေလဲ၊ အမေရိကန်နိုင်ငံရဲ့မူဝါဒ ဘယ်လောက်အထိ အပြောင်းအလဲရှိသွားစေသလဲဆိုတာကို အားလုံးကစိတ်ဝင်တစားရှိနေကြတယ်။ အထူးသဖြင့် ရုရှား၊ တရုတ်၊ အီရန်၊ BRICS အဖွဲ့ဝင်တွေက ပိုစိတ်ဝင်စားကြမှာ ဖြစ်လိမ့်မယ်။
• နိုင်ငံရေးမူဝါဒ
• စီးပွားရေးမူဝါဒ
• NATO
• အရှေ့အလယ်ပိုင်းအပေါ်သဘောထား
• တရုတ်အပေါ်သဘောထားတွေ ဘယ်လို၊ ဘယ် လောက် အတိုင်းအတာ အထိအပြောင်း အလဲဖြစ်လာမလဲလို့ စိတ်စောနေကြမှာ အမှန်ပါပဲ။
သမ္မတသစ်အစိုးရအဖွဲ့မှာပါဝင်တဲ့ အရေးပါနေရာတွေမှာရွေးချယ်ထားတဲ့သူတွေကို လေ့လာရင် ရာခိုင် နှုန်း ၇ဝ က သဘောထားတင်းမာသူ Hawkish တွေ ဖြစ်တာကိုတွေ့ရတယ်။ အီရန်အပေါ် သဘောထားတင်းမာသူ၊ တရုတ်အပေါ် သဘောထားတင်းမာသူ၊ ဒီမိုကရက်တွေအပေါ် သဘောထားတင်းမာသူ စသဖြင့်တွေ့ရပါတယ်။ အမှန်တကယ် ထွက်လာမယ့် Executive Order (၂၅)ခု ထွက်လာရင်တော့ ပိုပြီး ထင်ထင်ရှားရှား ထရမ့်ရဲ့ မူဝါဒတွေကို မှန်းဆလို့ရပါလိမ့်မယ်။
တရုတ်အပေါ်သဘောထား
စောင့်ကြည့်လေ့လာသူတွေက တရုတ်အပေါ်သဘောထားကိုသိလိုတဲ့ ဆန္ဒတွေစောနေကြတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံ အဆင်တပြေ ရှိကြမှာလား၊ ထိပ်တိုက်တွေ့ကြမှာလားကို အရင်ဆုံးသိလိုကြတယ်။ ၂၀၁၈ မှာ တရုတ်နဲ့ ကုန်သွယ်စစ်ခင်းကြလို့ ထရမ့်ရဲ့ပထမသမ္မတသက်တမ်းကာလ ကမ္ဘာ့စီးပွား ရေးကျဆင်းသွားခဲ့တယ်။ Covid-19 ထပ်ထွက်ပေါ်လာလို့ စက်ရုံ အလုပ်ရုံတွေထပ်ပိတ်လိုက်ရတော့ အနာ တရဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးက ICU ထဲရောက်သွားရတဲ့အထိဖြစ်သွားတယ်။ အင်အားကြီးနှစ်နိုင်ငံထိပ်တိုက်တွေ့ကြရာမှာ သူတို့ပဲထိခိုက်ကြတာမဟုတ်ပဲ ကျန်ကြားနိုင်ငံတွေပါ ထိခိုက်ကြရလို့ ဒီတစ်ကြိမ်လဲ ဘယ်လိုတွေဖြစ်လာကြမလဲဆိုပြီးစိုးရိမ်နေကြတာတွေ့ရတယ်။
မဲဆွယ်ကာလမှာ တရုတ်သွင်းကုန်တွေအပေါ်ရာခိုင်နှုန်း ၁ဝဝ အခွန်တိုးကောက်ပြီး၊ အခြားနိုင်ငံတချို့ကို ရာခိုင်နှုန်း ၁ဝ – ရာခိုင်နှုန်း ၂ဝ အခွန်တိုးကောက်မယ်လို့ ကြေညာခဲ့ပေမယ့် President Elect ဖြစ်ပြီးတဲ့နောက်မှာတော့ တစ်မျိုးပြောင်းပြောလာတာကို တွေ့ရတယ်။ တရုတ်အပေါ် အခွန်ရာခိုင်နှုန်း ၁ဝဝ တိုးကောက်မယ်ဆိုတာက နေရာခိုင်နှုန်း ၁ဝ တိုးကောက်မယ်လို့ ပြောင်းလဲပြောလာခဲ့ပြီး ကျမ်းကျိန်သမ္မတလွှဲပြောင်းတဲ့နေ့မှာ တရုတ်သမ္မတ Xi ကို ထရမ့်က ဖိတ်ကြားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။ ထရမ့်ကိုယ်တိုင်ပြောတာက သမ္မတ Xi ကို
ဖိတ်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တွေမှာလဲ Xi နဲ့စကားတွေ ပြောဖြစ်တယ်။ သူတို့နှစ်ဦးအကြားမှာ ဆက်ဆံရေးကောင်းတွေရှိထားပါတယ်လို့ ပြောလာခဲ့လို့ အများမျှော်လင့်သလောက် တင်းမာမှုမရှိတော့သဘူးလို့ ယူဆနိုင်ဖွယ်ရာဖြစ်လာတယ်။
မက္ကဆီကိုနဲ့ ကနေဒါကိုတော့ တရားမဝင်နေထိုင်သူတွေကိုသက်ဆိုင်ရာနိုင်ငံ ပြန်ပို့မယ်။ သက်ဆိုင်ရာနိုင်ငံတွေကလဲ ပြန်ခေါ်ပါ။ မဟုတ်ရင်အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ထားတာတွေ့ရတယ်။အမေရိကန်ဟာ“မွန်းတည့်နေ” မဟုတ်တော့တာတော့ သေချာနေပါတယ်။ ညနေ နေဝင်ရီတရော အချိန်ကိုရောက်နေပြီလို့ ပြောလို့ရပါမယ်။ မြန်မြန်မိုးမချုပ်အောင် ထိန်းနိုင်ရင်တော့ သက်ဆိုးနည်းနည်းရှည်မဲ့သဘောပါ။ ဒါကြောင့်လဲ ထရမ့်က American First ဆိုတဲ့ Agenda အောက်က အမေရိကန်အကျိုးစီးပွား ပထမဦးစားပေးမှန်သမျှကို အကောင်အထည်ဖော်လိမ့်မယ်လို့ အကြမ်းဖျင်းပြောလို့ရမှာ ဖြစ်တယ်။
အသစ်ခန့်ထားသူတွေထဲမှာတရုတ်အပေါ်သဘောထားတင်းမာသူတွေဖြစ်လို့ အမြင်အားဖြင့်တော့စိုးရိမ်စရာပါ။ ဒါပေမဲ့ ထရမ့်နှုတ်က ထုတ်ပြောထားတဲ့ပုံအရဆိုရင်တော့ ထင်သလောက်တင်းမာမဲ့ပုံ မပေါ်ဘူးလို့ ခန့်မှန်းနိုင်ပါတယ်။ ပြီးတော့ အများမြင်ကွင်းမှာမရှိပဲ ထရမ့် ဖွက်ထားတဲ့ Steven Cheung ဆိုသူရှိနေတာအများက သတိထားမိကြမှာ မဟုတ်ပါဘူး။ တရုတ်လူမျိုးစစ်စစ်ဖြစ်ပြီး အမေရိကန်နိုင်ငံ သား၊ ထရမ့်နဲ့ အလွန်ရင်းနှီးသူဖြစ်ပါတယ်။ ထရမ့်အတွက် အများကြီးအလုပ် လုပ်ပေးခဲ့သူလဲ ဖြစ်နေပြန်ပါတယ်။
လက်တွေ့မှာတော့ ဘာတွေဖြစ်လာကြမလဲမသိသေးပါ။ “တိမ်တောင်သဖွယ်မင်းရေးကြွယ်လှပါတယ်”
အီရန်အပေါ်သဘောထား
အီရန်အပေါ်သဘောထားကတော့ အတော်တင်းမာမဲ့ဟန်ရှိတယ်လို့ သုံးသပ်ရပါတယ်။ထရမ့်ပထမသက်တမ်းမှာ အီရန်အစောင့်တပ်အကြီးအကဲကို ဂြိုဟ်တုချိန်ဒရုန်းနဲ့ အမေရိကန်ထောက်လှမ်းရေး က အောင်မြင်စွာလုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်တစ်နေ့မှာ ထရမ့်က “သူအမိန့်ပေးခဲ့တာလို့” ထုတ်ပြောခဲ့တယ်။
ထရမ့်မဲဆွယ်စည်းရုံးစဉ်ကာလမှာ ထရမ့်ကို လုပ် ကြံသတ်ဖြတ်မှုနှစ်ကြိမ် ရှောင်လွှဲနိုင်ခဲ့ပြီး တချို့အခြားသော FBI မိခဲ့တဲ့ အမှုတွေမှာဆိုရင် အီရန်ဘက်က စေခိုင်းတာလို့ သိရတယ်။ ရွေးကောက်ပွဲမှာအနိုင်ရပြီး President Elect ဖြစ်လာတဲ့အချိန်မှာ FBI က လူသိရှင်ကြားသတင်းထုတ်ခဲ့တာကတော့ အဖွဲ့တစ်ဖွဲ့ကို အီရန်က ဒေါ်လာငါးသိန်းနဲ့ ထရမ့်ကို လုပ်ကြံဖို့ စေခိုင်းခဲ့တယ်လို့ ဆိုထားတယ်။ ယူကရိမ်းစစ်ကို ရပ်တန့်(သို့) လျှော့ချပြီးအီရန်ဘက် ထရမ့်အလေး ထား နှိမ်နင်းလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
အီရန်ကို အလေးထားဖိနှိပ်သွားမှာ သေချာပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်သွားမယ်ဆိုတာ ခန့်မှန်းဖို့ ခက်ခဲနေပါသေးတယ်။ အစ္စရေးကို အခြေခံပြီး စစ်တိုက်မလား၊ ဒါမှမဟုတ် အီရန်နိုင်ငံအတွင်း ဆူပူအုံကြွမှုကို ဖြစ်စေရင်း ခါမေနီကိုဖြုတ်ချမလား၊ ဒါမှမဟုတ် ခါမေနီနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို လုပ်ကြံမလားဆိုတာ ထရမ့်ရဲ့ အထွေထွေသုံးသပ်ချက်တွေပေါ်မှာ မူတည်နေပါတယ်။
အစ္စရေးကို အခြေခံပြီး အီရန်ကို စစ်ရေးနဲ့ အရေး ယူဆောင်ရွက်ရင် အဲ့ဒီ စစ်ဘယ်လောက်အထိ ကျယ် ပြန့်လာနိုင်မလဲဆိုတာကို အသေ အချာ တွက်ချက်နိုင်ဖို့လိုပါတယ်။ မဟုတ်ရင် အမေရိကန်ဟာ အစ္စလာမ်ကမ္ဘာနဲ့ ထိပ်တိုက်ရင်ဆိုင်ရနိုင်တယ်။ အဲ့ဒီအဖြစ်မျိုးက အလွန်ကျယ်ပြန့်ပြီး အမှောင်နဲ့အလင်းစစ်တိုက်ကြရတာမို့ အမေရိကန်အနေနဲ့ ကြိုးစားရှောင်လွှဲရမဲ့ နည်းလို့ သုံးသပ်ရတယ်။ အိမ်ဖြူတော်ကို ထရမ့် တစ်ကျော့ပြန်ရောက်မှာက သေချာသလောက်ရှိသွားပြီမို့ အီရန်လဲ အဆိုးဆုံးအခြေအနေကို မျှော်လင့်ပြီး အကြီး အကျယ်ဘက်ပေါင်းစုံက ပြင်ဆင်ထားရပါတော့မယ်။ သမ္မတအဖြစ် တာဝန်မထမ်းဆောင်ခင်ကာလအတွင်းမှာရော သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဆဲမှာရော ထရမ့်ရဲ့ အသက်အန္တရာယ်ကို ကြိုးစားလုပ်ကြံမယ့် အစီအစဉ်တွေလဲ ပါဝင်လိမ့်မယ်လို့မျှော်မှန်းရတယ်။ ဗလာဒီမာပူတင် သတိပေးပြောကြားတဲ့ စကားတစ်ခွန်းက သတိထားစရာပါ။
“ထရမ့်ရော သူ့မိသားစုရောဟာ အသက်အန္တရာယ် စိတ်ချရတဲ့ အခြေအနေ မရှိဘူး။”
ရုရှားထောက်လှမ်းရေးတွေရတဲ့ သတင်းအပေါ်အခြေခံပြီး ပူတင်သတိပေးချက် ဖြစ်ပါတယ်။ ဘယ်သူကလုပ်ကြံမယ်ဆိုတာကို အများသိဖွင့်မပြောပေမယ့် ထိပ်စည်းအချင်းချင်းတော့ ပြောဆို ပြီးသားဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ UK နဲ့ ဆက်ဆံရေး UK ဝန်ကြီးချုပ်၊ Sir Starmer နဲ့ ထရမ့်ရဲ့ဆက်ဆံရေးက ဆိုးဆိုးဝါးဝါး ရှိလှတယ်လို့ ပြောရလိမ့်မယ်။ ယူကရိမ်းစစ်မှာ သဘောထား အကြီးအကျယ်ကွဲပြားတာ ရှိခဲ့သလို၊ ရွေးကောက်ပွဲကာလမှာလဲ Starmer က ထရမ့်သမ္မတ မဖြစ်ရေးအတွက် ဝင်ခြေရှုပ်တာကိုလဲ ထရမ့်ကသိသွားခဲ့တယ်။ဒါကြောင့်မို့လို့ Starmer ကို ထရမ့်က သူသမ္မတ ဖြစ်လာရင်သတိထားနေ၊ အမှုန့်ကြိတ်ခံရမယ်လို့ ကြိမ်းဝါးခဲ့တာ တွေ့လိုက်ရပါသေးတယ်။
ယူကရိမ်းစစ်မှာ ထရမ့်က အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးစားပြီး Starmer က စစ်ကိုဆက်ပြီးတိုက်လိုသူ ဖြစ်နေတယ်။ ထရမ့်သမ္မတဖြစ်လို့ ယူကရိမ်းစစ်ကို အကူအညီဖြတ်တောက်ရင်လဲ UK ကဦးဆောင်ပြီး ယူကရိမ်းကို ဆက် လက်ထောက်ပံ့သွားမယ်လို့ လူသိ ရှင်ကြား ပြောခဲ့ဖူးတယ်။
နောက်ဆုံးသတင်းတစ်ခုက ထရမ့်ကို စိန်ခေါ်လိုက်သလိုဖြစ်ပြီး စစ်ပြေငြိမ်းရေးကို ဆန့်ကျင်တာထက် စစ်မီးပိုတောက်လောင်အောင် လုပ်ပေးလိုက်သလိုဖြစ်လို့ ထရမ့်အနေနဲ့ ဒေါသ အမျက်ခြောင်းခြောင်းထွက်စရာ ဖြစ်စေမယ်လို့ ဆိုနိုင်ပါတယ်။ ဘာလဲဆိုတော့ UK ကခေါင်းဆောင်ပြီး NATO အဓိက အဖွဲ့ဝင်ခြောက်နိုင်ငံဖြစ်တဲ့ UK, Ger-many,France, Italy, Sapin, Poland တို့က ပူးပေါင်းကြေညာချက် ထုတ်လိုက်တာပါပဲ။ အဲ့ဒီကြေညာချက်ထဲမှာ ယူကရိမ်းကို NATO အဖွဲ့ဝင်အဖြစ်ရော၊ U အဖွဲ့ဝင်အဖြစ်ရော ရရှိအောင် ပူးပေါင်းကြိုးစားသွားမယ်ဆိုတဲ့ ကြေညာချက်ဖြစ်တယ်။ ထရမ့်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းလို့ ယူဆနိုင်ပါတယ်။
ထရမ့်ဘက်က ဘယ်လိုတုံ့ပြန်မလဲ
အဲ့ဒီကြိုးစားမှုမှာ“အချိန်”ဘယ်တော့ဆိုတာမပါဝင်ပေမဲ့ တတိယကမ္ဘာစစ်ဖြစ်ဖို့ အဓိကအကြောင်း ရင်းဖြစ်လာမှာလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။
တစ်ယောက်နဲ့ အများထိပ်တိုက်တွေ့မှာလား
တစ်ဇွတ်ထိုးလုပ်လေ့ရှိတဲ့ထရမ့်က ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့သမ္မတဖြစ်လာလေတော့ သူဖြစ်စေချင်တာကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ တွက်မိတယ်။ ဒါပေမဲ့ အခြေအနေတွေက မရိုးစင်းတော့ပါဘူး။ “တစ်ယောက်နဲ့ အများ”ထရမ့်ဘက်က ဆက်ပြီး ရှေ့တိုးလာမလား၊ အများရဲ့ဆန့်ကျင်မှုကို ထရမ့်ကို ခံနိုင်ပါ့မလား။
သမ္မတပါဝါနဲ့ မဖြစ် – ဖြစ်အောင်ဆက်လုပ်သွားမှာလား။ American First ပေါ်ရပ်တည်တာကောင်းပေမယ့် လစ်ဘရယ်နောက်လိုက်လွန်းလို့ အမေရိကန်တွေ နိမ့်သွားတဲ့ကိစ္စတွေက အများကြီးပါပဲ။ အဲ့ဒါတွေကို ပြန်ရယူဖို့ ဖြည်းဖြည်းချင်းလုပ်မှရမဲ့သဘောရှိပါတယ်။ သက်တမ်းလေးနှစ်အတွင်း အတင်းလုပ်ယူရင် ပြင်းထန်တဲ့ဆန့်ကျင်ခြင်းတွေကို ပြည်တွင်းရော၊ ပြည်ပရောက ပြန်ပြီးတုံ့ပြန်လာကြမှာသေချာပါတယ်။
• စုပေါင်းအားကို ထရမ့်ခံနိုင်ပါ့မလား။
• စုပေါင်းအားကို ကျော်လွန်နိုင်တဲ့အခြေအနေ ရှိပြီလား။
• လိုချင်တာဖြစ်သွားနိုင်သလို
• အခန့်မသင့်ရင် အမေရိကန်တောင် ပျက်စီးသွားနိုင်ပါတယ်။
ထရမ့်ရဲ့အိမ်ဖြူတော်ပထမဆုံးရက် Day–1 မှာ ထွက်လာမယ့် Executive Order (25) ခုပေါ်မှာ မူတည်နေပါတယ်လို့ မြင်ရပါကြောင်း။
#PAN