ဆီးဖြူသီး၏ကျန်းမာရေး ကောင်းကျိုးများ

(ကျန်းမာရေး)ဇန်နဝါရီ ၂၅

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ဆီးဖြူသီး၏ကျန်းမာရေး ကောင်းကျိုးများ
အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      ဆီးဖြူသီးကို gooseberry လို့ အင်္ဂလိပ်လို့ ခေါ်ပြီး ဆီးဖြူသီး အမျိုးပေါင်းများစွာ ရှိပါတယ်။ ပုံမှန်တွေ့နေကြ ဝယ်ယူစားသုံးနေကြ ဆီးဖြူသီးက Alma လို့ခေါ်တဲ့ Indian Gooseberry အမျိုးအစား ဖြစ်ပါတယ်။ ဆီးဖြူ ပင်ကို သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။ ဆီးဖြူသီးပင်ရဲ့ အသီး၊ အခေါက်၊ အပွင့်၊ အမြစ် အားလုံး သူ့နေရာနှင့်သူ ဆေးဘက်ဝင်ပါတယ်။ ဆီးဖြူသီးဟာ ဗိုက်တာမင် C အလွန်ကြွယ်ဝတဲ့ သဘာဝ အသီးအနှံ ဖြစ်ပါတယ်။ အသဲနဲ့ဆိုင်သော ရောဂါဝေဒနာသည်တို့ အဓိက အားထားရာ သဘာဝ ဆေးစွမ်းထက်တဲ့ အသီး ဖြစ်ပါတယ်။ ဆီးဖြူသီးဟာ သွေးသားသန့်စင်မှုက သွေးအတွင်း အဆိပ်အတောက် တွေနဲ့၊ ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားနဲ့ အဏုဇီဝပိုးမွှားတွေကိုလည်းဖယ်ရှားပေးပါတယ်။

       သွေးအားကောင်းစေတဲ့ ဟေမိုဂလိုဗင်ဓာတ် ကြွယ်ဝအောင်ဖြစ်စေတာမို့ အမောခံနိုင်ပြီး အသား အရေ ကြည်လင်လှပစေပါတယ်။ ဗိုက်တာမင် C ကြွယ်ဝလို့ ကိုယ်ခံအား စနစ်ကို အားကောင်းစေပါတယ်။ အသဲနဲ့ ပန်ကရိယ(မုန့်ချိုအိတ်) ကို များစွာ ပံ့ပိုးကူညီပြီး စိတ်နှလုံးကိုလည်း ပြောလျော့ အေးချမ်းစေပါတယ်။ ဆံပင်ရဲ့ ကောင်းခြင်း၊ ဦးရေရဲ့ ကောင်းခြင်း၊ သန်းနှင့် ဘောက်များကို ကင်းစင်စေခြင်းနဲ့ အသားအရည်ကိုလည်း လှပချောမွတ်စေပါတယ်။

       ရောဂါဘယ မျိုးစုံကိုလည်း သက်သာပျောက် ကင်းအောင် စွမ်းဆောင်နိုင်သော အံ့ဖွယ် သဘာဝပေးတဲ့ လက်ဆောင်ကြီး ဖြစ်ပါတယ်။ ဆီးဖြူသီးကနေ ခေါင်းလျှော်ရည် ၊ခေါင်းလိမ်းဆီ အမျိုးမျိုး ထုတ်လုပ်ကြပါတယ်။ တိုင်းရင်းဆေးများနဲ့ တွဲဘက်ပြီး ဆေး ဖော်ကြသလို အရန်ဟင်းအဖြစ် လည်းကောင်း ဆီဖြူသီးချိုချဉ်၊ ဆီဖြူသီးဖျော်ရည် ပြုလုပ်ပြီး စားသုံးကြပါတယ်။

သွားနှင့်ခံတွင်း

       ဆီးဖြူသီးလေး တစ်လုံး ကောက်ဝါးလိုက်ရုံနဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို များစွာ အထောက် အကူပြုပါတယ်။ ဆီးဖြူသီးမှ ထုတ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းရင် ခံတွင်းအနံ့ဆိုးများကို ကင်းစင်စေပြီး ခံတွင်း သန့်ရှင်းစေပါတယ်။ ဗိုက်တာမင် C နဲ့ ကယ်စီယမ်ဓာတ်တို့ ပါဝင်တာမို့သွားဖုံး သွေးယိုတာ လည်း ပျောက် ကင်းအောင် ကူညီပေးပါတယ်။ 

ကိုယ်ခံအားစနစ် နှင့် ကင်ဆာ

        ဗိုက်တာမင် C အပြင် ကယ်စီယမ်၊ သံဓာတ်၊ ဖော့စ်ပါးရပ်နှင့် ကယ်ရိုတင်းဓာတ်တို့ ပါဝင်ခြင်း၊ Thiamine, riboflavin, niacin တို့ ပါဝင်ခြင်း၊ gallic acid လို ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိခြင်းတို့ကြောင့် ဆဲလ်များ ပုံမှန်မဟုတ်ပဲ ယိုယွင်းခြင်း၊ ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်း စသည်တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို လည်း ကောင်းမွန်စေပါတယ်။

       အာရုံကြောစနစ်ရဲ့ လုပ်ငန်းကိုလည်း တိုး တက်ကောင်းမွန်အောင် ဆောင်ရွက်ပေးပါတယ်။ ဆီးဖြူသီး စားသုံးလေ့ ရှိသူကို ဗိုင်းရပ်နှင့် ဘက်တီးရီးယားပိုးတို့ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ကိုလက်စထရော ကိုလည်း လျော့နည်းစေပြီး နှလုံးကြွက်သားများကိုလည်း သန်မာစေပါတယ်။ ကိုယ်ခန္ဓာအတွက် အလွန်ပင် အရေးကြီးတဲ့ အသဲကိုလည်း အထောက် အကူပြုပါတယ်။ အဝလွန်ခြင်း မဖြစ်စေရန် ထိန်းချုပ်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ လွယ်ကူအောင် ပါဝင်ကူညီနိုင်ပါတယ်။

ဆံပင်နှင့် ဦးရေပြား ဗောက်ထခြင်း

      အရွယ်မတိုင်မီ ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်သား မကောင်းတာ စသည့် ဆံပင်နှင့် ပတ်သက်သော အခက်အခဲများကို ဆီးဖြူသီးက အစွမ်းပြ ဖြေရှင်းပေးပါတယ်။ အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ထားတဲ့ ဆီဖြူသီးမှုန့်ခြောက်ကို ရေတစ်ညစိမ်၊ ပြီးရင် သံပယိုရည်ထည့်ပြီး (၅) မိနစ်၊ (၁၀) မိနစ်ခန့် ဦးရေ ပြားကို နှိပ်နှယ်ခေါင်းလျှော်ပြီး ရေဆေး ပါ။ ဆံပင် အရောင်အသွေး လှပပျော့ပျောင်းကာ ကျန်းမာတဲ့ ဆံသားကို ရရှိလာမှာပါ ။ ဗောက်ထခြင်း၊ သန်းရှိခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဆီးဖြူသီး ခေါင်းလျှော် ရည်နဲ့ ဆီးဖြူသီး ခေါင်းလိမ်းဆီဆိုပြီး ဝယ်ယူသုံးစွဲနိုင်ပါတယ်။ ဒါမှမဟုတ်ရင် အုန်းဆီ စစ်စစ်ကို ဆီးဖြူခြောက်မှုန့်နဲ့ ရောပြီး ကျိုပါ၊ ပြီးရင် အအေးခံပြီး လိမ်းနိုင်ပါတယ်။

မျက်လုံးနှင့် ပါးစပ်နာ

       ဆီးဖြူသီး တစ်ညစိမ်ထားတဲ့ ရေသန့် အကြည်နဲ့ မျက်လုံးဆေးရင် မျက်စိ ယားယံတာကို သက်သာပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဆီးဖြူအမြစ်ခြောက် အမှုန့်နဲ့ ပျားရည်ရောပြီး သုံးရင် ခံတွင်းနာများ၊ ပူလောင်နာများ သက်သာစေပါတယ်။ 

ဓမ္မတာသွေးလွန်ခြင်း

        ဓမ္မတာသွေးလွန်ခဲ့ရင် ငှက်ပျောသီးမှည့်နဲ့ ဆီးဖြူ သီး အရည်ကို တစ်ရက်အတွင်း (၃) ကြိမ်လောက် သောက်သုံးပါက သက်သာစေပါတယ်။

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း

      ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ကုသရာမှာ အကူအညီ အဖြစ် စပျစ်သီးခြောက်အရည်နှင့် ဆီးဖြူသီးအရည် တွဲသောက်ပါက အလွန်ကျေးဇူးများ ပါတယ်။ ကျောက်ကပ် ကျောက် တည်ရင် မုန်လာဥဖြူနဲ့ သကြားနဲ့ ဆီးဖြူရည်နဲ့ သောက်ပါက ပျောက် ကင်းစေပါတယ်။ 

ဆီးချိုရောဂါ

       ဆီးဖြူသီးဟာ သွေးတွင်း သကြားဓာတ်ကို လျှော့ ချပေးတဲ့ သတ္တရှိပါတယ်။ အစေ့က ဖယ်ထားတဲ့ ကြက်ဟင်းခါးသီးအရည် တစ်ဖန်ခွက်အတွင်း ဆီးဖြူ သီးအရည် တစ်ဇွန်းရောပြီး နှစ်လလောက် ဆက်သောက်ပါက ဆီးချိုရောဂါ သက် သာစေပါတယ်။ မုန့်ချိုအိတ်ကိုလည်း လှုံ့ဆော်တဲ့အစွမ်း ရှိပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ

       ပိုးကြောင့်ဖြစ်တဲ့ဝမ်းပျက်ဝမ်းလျှောရင် ဆီးဖြူ သီးအရည်ကိုသကြားနဲနဲထည့်ပြီးသောက်ပါက သက်သာစေပါတယ်။

အစာအိမ်

       ဆီဖြူသီးဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အစာချေဖျက်မှုနဲ့ အာဟာရ စုပ်ယူနိုင်စွမ်းကို ကောင်း မွန်သလို ပုံမှန်ဖြစ်လေ့ရှိတဲ့ အစာမကြေခြင်း၊ လေပူထခြင်း၊ အက်စစ်ဓာတ်များခြင်းတို့ကို သက်သာစေပါတယ်။ 

အထွေထွေ

• ဆီးဖြူသီးဟာ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းကို ကာကွယ်နိုင်တယ်၊ သက်သာစေတယ်။
• မှတ်ဉာဏ်ကိုလည်း ကောင်းစေပါတယ်။
• သွေးယိုစိမ့်ခြင်းကို သက်သာစေတယ်။
• သွေးအန်ခြင်းဖြစ်ရင်လည်း သောက်နိုင်ပါတယ်။
• ပျားရည်နဲ့ရောပြီး သောက်ပါက နာတာရှည် ချောင်းအခြောက်ဆိုးခြင်းကိုလည်း ပျောက် ကင်းစေပါတယ်။
• အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကိုလည်း သက်သာလျော့ပါးစေပါတယ်။
• နှာခေါင်းသွေးယိုုခြင်း၊ နှလုံးရောဂါများ၊ ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း၊ ဗိုက်တာမင် C ချို့တဲ့ရောဂါဖြစ်တဲ့ Scurvy (သွေးမတိတ်ခြင်း)၊ အမျိုးသမီးများ အဖြူဆင်းခြင်း ၊ လေနာဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ သန်ထခြင်း၊ အဆစ်အမြစ်ရောင်ခြင်း စသည်များ လျော့ပါးသက် သာစေပါတယ်။

       ဒါကြောင့် ကိုယ်ခန္ဓာ၏ အထွေထွေ ကျန်းမာ ရေးကိုလည်း အထောက်အကူပြုပြီး စိတ်ကိုလည်း လန်း ဆန်းတက်ကြွစေတဲ့ ဆီးဖြူသီးကို နံနက်စောစောထပြီး ပျားရည်လေးနဲ့ ဆီးဖြူရည်လေးနဲ့ဖျော်ကာ နေ့စဉ် သောက်သုံးသွားပါက “အာရောဂျံ ပရမံလာဘံ” ဆိုတဲ့ စကားနဲ့အညီ ဆုလဒ်ကြီးဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းကို ရရှိနိုင်မှာပါ။ 
(Crd: Healthcare Call Center)

#PAN