(နည်းပညာ) ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန(ကျောက်ဆည်တွင်) ရောဂါခံနိုင်ရည်ရှိပြီး မျိုးဗီဇ တူညီသောအပင်များ၊ ရှားပါးအပင်များ၊ မျိုးသုဉ်းလုနီးပါး ရှိသော အပင်များကို အပင်တစ်သျှူးမျိုးပွားနည်းပညာများဖြင့် သုတေသနပြု မျိုးပွားလျက်ရှိပြီး ပြည်သူများနှင့် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေး လျက်ရှိကြောင်း သိရပါတယ်။
အပင်တစ်သျှူးများ မျိုးပွားရာတွင် အာဟာရလိုအပ်ချက်(Nutrient Media)၊ ပိုးမွှားကင်းစင်သော အခြေအနေ လိုအပ်ချက်(Aseptic Condition)၊ လေရရှိမှု လိုအပ်ချက်(Aeration) တို့သည် အရေးအကြီးဆုံး လိုအပ်ချက်များဖြစ်ပြီး ပိုးမွှားကင်းစင်စေရန်အတွက် မွေးမြူမည့် အပင်အစိတ်အပိုင်းများအားရွေးချယ်ခြင်း (Selection of Explants)၊ အပင် အစိတ်အပိုင်းများကို ပိုးသန့်ခြင်း(Sterilization of Explants)၊ အပင်စတင်မွေးမြူခြင်း(Inoculation of Explants)၊ အညွန့်များ၊ အရွက်များဖြစ်ပေါ်ခြင်း(Shoot Initiation and Shoot Proliferation)၊ အမြစ်များဖြစ်ပေါ်ခြင်း(Root Formation)၊ အပင်မာအဆင့်ပြုလုပ်ခြင်း(Hardening)များ စသည်တို့ကို အဓိကဂရုပြု လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။
အပင်တစ်သျှူးမျိုးပွားနည်းပညာသည် အပင်ဆဲလ်များ၊ တစ်သျှူးများ (သို့မဟုတ်)အပင်၏အင်္ဂါ အစိတ်အပိုင်းများ (ဥပမာ-အရွက်၊ အညွန့်၊ အမြစ်) စသည်များကို အပင်အတွက်လိုအပ်သော အာဟာရဓာတ်များပါဝင်တဲ့ မီဒီယာခေါ် အာဟာရပြင်တစ်ခုတွင် ပိုးမွှားကင်းစင်သော အခြေအနေ၌ ရှင်သန်ကြီးထွားရန်(သို့မဟုတ်)ကြီးထွား စေရန်အတွက် မွေးမြူအသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ပြီး မျိုးစေ့ရရှိရန် ခက်ခဲသောအပင်များ၊ လိင်မဲ့နည်း (ကိုင်းဖြတ်၊ ကိုင်းကူး) ဖြင့် မျိုးပွားရန်ခက်ခဲသော အပင် မျိုးများအား အလွယ်တကူ မျိုးပွားပေးနိုင်ခြင်း၊ အရေးကြီးသော သီးနှံများကို အပင်တစ်သျှူး မျိုးပွားနည်းဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာရရှိပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ကောင်းမွန်သော မျှော်မှန်းချက်များဖြစ်ပါတယ်။
ဇီဝနည်းပညာသုတေသနဦးစီးဌာန(ကျောက်ဆည်)အနေနဲ့ အပင်ဆဲလ်တစ်သျှူးမွေးမြူခြင်းနည်းဖြင့် ထုတ်လုပ် ထားသော မျိုးကောင်းမျိုးသန့်များကို လယ်ယာစိုက်ပျိုး ရေး လုပ်ငန်းများတွင် ကျယ်ပြန့်စွာအသုံးပြုနိုင်ပြီး စျေးကွက်ဝင် သည့် ရွှေနီ၊ ခွံဝါငှက်ပျောမျိုးများနှင့် ဖီးကြမ်းငှက်ပျောမျိုးများကို အပင်တစ်သျှူးမျိုးပွားသည့် နည်းပညာဖြင့် မျိုးကောင်း၊ မျိုးသန့် အပင်ပေါက်များကို အချိန်တိုအတွင်းမှာ အမြောက်အများထုတ်လုပ်လျက်ရှိပြီး ပြည်သူနှင့်တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews