TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် သေနတ်ထောက် ဓားပြတိုက်မှုဖြ​စ်​ပွား

(ပြည်တွင်း) ဒီဇင်ဘာ ၃၁

တအောင်းလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် သေနတ်ထောက် ဓားပြတိုက်မှုတွေဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ နှင့် သီပေါအကြားမှ ကျင်တီကျေးရွာအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၂၇) ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန်၌ အမျိုးသားတစ်ဦး သေနတ်ထောက် ဓားပြတိုက်ခံလိုက်ရကြောင်း သိရသည်။

ဓားပြတိုက်ခံလိုက်ရသည့် အမျိုးသားသည် သီပေါမြို့၊ နယ်မြေ (၁)တွင် နေထိုင်သည့် ဦးဖေသိန်းဆိုသူဖြစ်ပြီး ကျောက်မဲမြို့မှ သီပေါမြို့သို့ ပြန်လာစဥ် မွန်းလွဲပိုင်းတွင် ယခုကဲ့သို့ ဓားပြတိုက်ခံရခြင်းဖြစ်သည်။

TNLA ယူနီဖောင်းနှင့်ဆင်တုသည့် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသား (၃)ဦးမှ သေနတ်ဖြင့်ချိန်ရွယ်ကာ ၎င်းမောင်းနှင်လာသည့်ကားအား တားဆီးပြီး  FORD အမျိုးအစားယာဥ်အား ဓားပြတိုက် ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း TNLA ထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ယခုကဲ့သို့ယူနီဖောင်းဝတ်အမျိုးသားနှစ်ဦးမှ နေအိမ်တစ်အိမ်အား ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။

#PAN