(ကျန်းမာရေး)ဇန်နဝါရီ ၁
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ လေဖြတ်ခြင်းအကြောင်းသိကောင်းစရာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
လေဖြတ်ခြင်းဆိုတာ ဘာလဲ
နှစ်စဥ် လူဦးရေ ၈သိန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေရပြီး စက္ကန့်၄၀မှာ တယောက်နှုန်း ဖြစ်ပွားနေကြပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။ လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ရပ်တန့်သွားတာ၊ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးနှောက်ကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ မရတော့ဘဲ ဆဲလ်တွေကို သေသွားစေပါတယ်။ လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနဲ့ ယာယီလေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။
ဘယ်သူတွေ လေဖြတ်ခြင်း ဖြစ်ပွားစေသလဲ
လေဖြတ်ခြင်းဟာ ကိုယ်အလေးချိန်ပိုသူများ၊ အသက် ၅၅နှစ်ထက် ကြီးသူများ၊ မိသားစုတွင်း လေဖြတ်ရောဂါ ရာဇဝင်ရှိသူများ၊ ကိုယ်လက် လှုပ်ရှား မလုပ်သူများ၊ အရက်အလွန်အကျွံသောက်သူများ၊ ဆေးလိပ်သောက်သူများ၊ မူးယစ်ဆေးသုံးသူများမှာ ပိုဖြစ်တတ်ပါတယ်။
သွေးကြောပိတ်လေဖြတ်ခြင်း
အဖြစ်အများဆုံး လေဖြတ်ခြင်းအမျိုးအစားဖြစ်ပြီး အားလုံးရဲ့ ၈၀% ရှိပါတယ်။ ဒီလေဖြတ်ခြင်းဟာ သွေးခဲခြင်းကြောင့်ဖြစ်တတ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးလွှတ်ကြောထဲမှာ ဖြစ်တတ်ပါတယ်။ သွေးခဲကြောင့် ဦးနှောက်အတွင်း သွေးရောက်တာလျော့နည်းသွားနိုင်ပါတယ်။
သွေးကြောပိတ်ဆို့ခြင်းဟာ ဦးနှောက်သွေးကြောတွေ ထဲမှာ ဖြစ်တတ်သလို တခြားသွေးကြောထဲမှာ ဖြစ်ပေါ်လာပြီး ဦးနှောက်ထဲ ရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ သွေးခဲများဟာ သွေးလွှတ်ကြောအတွင်း အဆီဓါတ်များ အနည်ကျဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
သွေးကြောပေါက်လေဖြတ်ခြင်း
သွေးကြောပေါက်လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းက သွေးကြောတွေ ပေါက်သွားခြင်းကြောင့် ဖြစ်ပါတယ်။ ပေါက်သွားတဲ့ သွေးကြောဟာ ဦးနှောက်ဆဲလ်တွေကို ဖိအားပေးပြီး ပျက်စီးစေပါတယ်။ ဦးနှောက်အလယ်ပိုင်းနဲ့ မျက်နှာပြင်ပိုင်းမှာ သွေးကြောပေါက်တတ်ပြီး သွေးများဟာ ဦးနှောက်နဲ့ ဦးခေါင်းခွံကြားကို ရောက်သွားပါတယ်။ သွေးကြောပေါက်ခြင်းဟာ သွေးတိုးခြင်း၊ ဒဏ်ရာရခြင်း၊ သွေးကျဲခြင်းနဲ့ သွေးကြောဖောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။
ဦးနှောက်အတွင်း သွေးယိုခြင်းဟာ အဖြစ်အများဆုံးဖြစ်ပြီး ဦးနှောက်သွေးကြောပေါက် သွားပြီး ဦးနှောက် တစ်သျှူးများဟာ သွေးနဲ့ပြည့်သွားရင် ဖြစ်တတ်ပါတယ်။ ဦးနှောက်အမြှေးပါးအောက် သွေးယိုခြင်းကတော့ ဒုတိယအမျိုးအစားဖြစ်ပြီး တွေ့ရနည်းပါတယ်။ ဒီအမျိုးအစားမှာ သွေးယိုခြင်းဟာ ဦးနှောက်နဲ့ဦးနှောက်အမြှေးပါးကြားမှာ ဖြစ်တတ်ပါတယ်။
ယာယီလေဖြတ်ခြင်း
ယာယီလေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု မကောင်းကြောင်းပြတဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။ သူဟာ သွေးခဲနဲ့ အနည်အနှစ်တွေကြောင့် ဖြစ်တဲ့ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ ဆင်တူပါတယ်။
ယာယီလေဖြတ်ခြင်းမှ သွေးကြောဟာ ခဏတာပဲ ပိတ်ပေမယ့် တခြားလေဖြတ်ခြင်းတွေလိုပဲ အရေးပေါ်ကိစ္စ မှတ်ယူရပါမယ်။ နောင်မှာ တခြားလေဖြတ်ခြင်းတွေ ဖြစ်နိုင်တဲ့ သတိပေးခြင်းဖြစ်ပြီး တစိတ်တပိုင်းပိတ်နေတဲ့ သွေးကြော၊ ဒါမှမဟုတ် နှလုံးထဲမှာ သွေးခဲဖြစ်စေတဲ့ အရင်း အမြစ် တခုခု ရှိနိုင်ကြောင်း ပြနေပါတယ်။
ယာယီလေဖြတ်ခြင်း ဖြစ်ဖူးသူတွေရဲ့ သုံးပုံတပုံခန့်ဟာ ကုသမှုမခံယူရင် တနှစ်အတွင်း လေဖြတ်ခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ၁၀ ကနေ ၁၅%ခန့်ဟာ ယာယီလေဖြတ်ခြင်းဖြစ်အပြီး ၃ နှစ်အတွင်း လေဖြတ်တတ်တယ်လို့ သိရပါတယ်။
လေဖြတ်ခြင်းလက္ခဏာများ
လေဖြတ်ခြင်းဟာ တခါတရံမှာ ကြိုတင်မသိနိုင်ဘဲ လျင်မြန်စွာ ဖြစ်ပေါ်လာတတ်ပါတယ်။အဓိကလက္ခဏာတွေကတော့ –
• စိတ်ရှုပ်ထွေးခြင်း၊ စကားပြောခက်ခဲခြင်း၊ သူတပါးပြောသည်ကို နားလည်ရန်ခက်ခဲခြင်း။
• ခေါင်းကိုက်ခြင်း၊ အန်ခြင်း။
• ကိုယ်ခန္ဓာတဖက်တည်းရှိ မျက်နှာ၊ လက်နှင့် ခြေများထုံခြင်း။
• မျက်လုံးတဖက် သို့ နှစ်ဖက်စလုံးတွင် အမြင်အာရုံ မကောင်းခြင်း။
• လမ်းလျှောက်ရန်ခက်ခဲခြင်း၊ မူးဝေခြင်း၊ မထိန်းနိုင်ခြင်း စသဖြင့် ဖြစ်ပါတယ်။
လေဖြတ်ခြင်းဟာ ရေရှည်ပြသနာဖြစ်ပါတယ်။ လေဖြတ်ခြင်းနောက်ပိုင်းမှာ မစွမ်းမသန်ခြင်းဟာ ယာယီဖြစ်သွားမလား၊ အမြဲတမ်းဖြစ်သွားမလား ဆိုတာဟာ ဘယ်လောက်မြန်မြန် ရောဂါရှာတွေ့လဲ၊ ကုနိုင်လဲ ဆိုတာကို မူတည်ပါတယ်။ အထက်ပါပြသနာတွေအပြင် အောက်ပါအခြေအနေ များလည်း တွေ့ကြုံနိုင်ပါတယ်။
• ဆီးနှင့်ဝမ်းထိန်းရာတွင် ပြသနာရှိခြင်း။
• စိတ်ဓါတ်ကျခြင်း။
• လက်များနာပြီး လှုပ်ရှားလျှင် အပူအအေးပြောင်းလဲလျှင် ပိုဆိုးခြင်း။
• ကိုယ်ခန္ဓါတဖက် သို့ နှစ်ဖက်လုံးတွင် ချည့်နဲ့ခြင်း၊ အားနည်းခြင်း။
• စိတ်ခံစားမှုထိန်းချုပ်ရာတွင်၊ ဖော်ပြရာတွင် ပြသနာရှိခြင်း။
•
လေဖြတ်ခြင်းအတွက်ကုသမှုများ
ကုသမှုတွေမှာ သွေးခဲကိုပျော်စေပြီး ထပ်မံဖြစ်ပေါ်ခြင်းကနေ တားမြစ်ပေးပါတယ်။ Asprin ပေးနိုင်ပြီး TPA ဆေးထိုးနိုင်ပါတယ်။TPA ဆေးဟာ သွေးခဲပျော်စေတဲ့ အာနိသင်ရှိပြီး လေဖြတ်ခြင်းလက္ခဏာ ဖြစ်ပေါ်ပြီး ၄-၅နာရီအတွင်း ထိုးနိုင်ဖို့လိုပါတယ်။
ကုသမှုဟာ ဦးနှောက်အတွင်းဖိအားကို ကျစေတဲ့ ဆေးများ၊ သွေးတိုးကျစေတဲ့ဆေးများ၊ အတက်ရောဂါ ကာကွယ်ဆေးများ၊ သွေးကြောကျုံ့ခြင်းကို ကာကွယ်တဲ့ဆေးများနဲ့လည်း စတင်နိုင်ပါတယ်။ လူနာဟာ Warfarin နဲ့ Clopidogrel စတဲ့ သွေးကျဲဆေးများ သောက်နေရရင် ဆေးအာနိသင်ကို တန်ပြန်ဖို့ ဆေးပေးတာ၊ သွေးသွင်းတာ လုပ်ရပါတယ်။ နေထိုင်မှုပုံစံပြောင်းသလို နောင်လေဖြတ်ခြင်းကနေ ကာကွယ်နိုင်ဖို့ ဆရာဝန်ဟာ သွေးမခဲစေတဲ့ဆေးများ ညွှန်နိုင်ပါတယ်။ ဒါ့အပြင် သွေးကြောခွဲစိတ်ခြင်းကိုလည်း လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေကို လျှော့ချဖို့ သုံးနိုင်ပါတယ်။
လေဖြတ်ရောဂါကို ဘယ်လိုကာကွယ်ကြမလဲ
အံ့သြစရာက လေဖြတ်တဲ့ လူ ၁၀ ယောက်မှာ ၈ ယောက်က သူတို့ကို သူတို့ လေဖြတ်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ခဲ့မှန်း မသိခဲ့ကြတာ ဝမ်းနည်းစရာပါပဲ။ လေဖြတ်ခြင်း ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ –
• သွေးတိုး ရှိနေရင်တော့ သွေးတိုးကို အစား အစာနဲ့ ဆေးဝါးအားဖြင့် ထိရောက်စွာ ထိန်းချုပ်ကုသတာက လေမဖြတ်စေဖို့ အကောင်းဆုံး ကာကွယ်နည်းပါ။
• သွေးတွင်းကို လက်စထရောများရင် သွေးကြောထဲမှာ ပိတ်ဆို့မှုဖြစ်လာပြီး သွေးစီးဆင်းမှုကို ရပ်တန့်ပြတ်တောက်စေပါတယ်။ ဒါကြောင့် အဆီအဆိမ့်ရှောင်ပြီး နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် လေမဖြတ်အောင် ကာကွယ်နိုင်ပါတယ်။
• နှလုံးစည်းချက်မမှန်တဲ့ ရောဂါရှိနေရင်တော့ ဆရာဝန်က သင့်ကို လိုအပ်တဲ့ သွေးကျဲဆေးတွေပေးပြီး လေမဖြတ်အောင် ကာကွယ်ပေးပါလိမ့်မယ်။
• ဆီးချိုရောဂါကတော့ နှလုံးနဲ့ လေဖြတ်ရောဂါတွေဖြစ်ဖို့ အလားအလာ အများဆုံးပါပဲ။ လေမဖြတ်ချင်ရင်တော့ ဆီးချိုကို သေချာစွာ ထိန်းချုပ်ကုသဖို့ အရေးကြီးပါတယ်နော်။
• သွေးနီဥတွေ ပုံစံမမှန်တဲ့ ရောဂါရှိနေခြင်းက လေဖြတ်ဖို့ အလားအလာ အလွန်များစေပါသတဲ့ အကြောင်းရင်းကတော့ မူမမှန်သွေးဆဲလ်တွေက စုပုံသွားပြီး ဦးနှောက်သွေးကြောတွေမှာ ခဲပြီး ပိတ်သွားတတ်တာ ဖြစ်ပါတယ်။
• ဝ လည်း ဝ၊ အစားကလည်း မရှောင်၊ အရက်ကလေးကလည်း တမြမြဆိုရင်တော့ အရက်ဖြတ်ပြီး လေဖြတ်အန္တရာယ်ကို ကာကွယ်လိုက်ပါ။
• အချိုရည် ကြိုက်လွန်းတာကလည်း လေဖြတ်စေတဲ့ အကြောင်းမို့ ကြိုက်တတ်သူတွေ သတိထားဖို့ လိုပါတယ်။
• ဆေးလိပ်သောက်တာက သွေးကြောတွေကို တင်းမာစေပြီး လေဖြတ်အန္တရာယ် မြင့်တက်စေပါတယ်။
• အဝလွန်တာက သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းကို လက်စထရောတွေ မြင့်တက်စေတာမို့ လေဖြတ်ဖို့ အလားအလာ အများဆုံးပါ။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
• နုပျိုချင်လို့ ဟော်မုန်း အစားထိုးကုသခါမှ လေဖြတ်စေတဲ့ အန္တရာယ် မြင့်တက်လာတတ်လို့ သတိပြုလုပ်ဆောင်ရန်လိုပါတယ်။
• စိတ်ဖိစီးတာတွေ / ခေါင်းကိုက်ရောဂါအထွေထွေနဲ့ သန္ဓေတားဆေးတွေကလည်း မထင်မှတ်ဘဲ လေဖြတ်စေပါတယ်။ ဒါ့အပြင် ခုခေတ် လူငယ်တွေကြားက ဆေးခြောက်နဲ့ မူးယစ်ဆုံထိုင်းသော ဆေးဝါးတွေကလည်း လေဖြတ်စေတဲ့ အကြောင်းတွေပါပဲ။ ဒါတွေကို သတိနဲ့ ရှောင်ရှားကြရမှာဖြစ်ပါတယ်။
• အမြန်စာတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်အားလုံးမှာ ကိုလက်စထရောတက်စေတာတွေ၊ ပြည့်ဝအဆီတွေ၊ ပြန်ကြော်ဆီတွေ ထရန်စ်ဖက်အဆီတွေ ပါတဲ့အတွက် အထွေထွေကျန်းမာရေးနဲ့ သွေးကြောပြဿနာတွေဖြစ်စေတဲ့အတွက် အဲဒါတွေရှောင်ကြဉ်ပါမှ လေဖြတ်တာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေအဖြစ် ပဲမျိုးစုံ၊ အသီးအရွက်၊ အသီးအနှံမျိုးစုံ၊ ဥမျိုးစုံ၊ အဆီနည်းတဲ့အသားနဲ့ ငါးအမျိုးမျိုးကို နေ့စဉ်ပါအောင် ရွေးချယ်စားသင့်တယ်။ ဟင်းချက်ရာမှာ ဆားကို သင့်ရုံလောက်သုံးပြီး အရသာပိုကောင်းအောင် ဟင်းခတ်အမွေးအကြိုင်မျိုးစုံ ထည့်ချက်စားသင့်တယ်။ နနွင်းနိုင်းချင်းထည့်ချက်စားတာက အထွေထွေနဲ့ သွေးကြောကျန်းမာရေး ကောင်းစေတယ်။ ဓာတုပစ္စည်းတွေ Food Additive အရသာဖြည့်ပစ္စည်း ဟင်းချိုမှုန့်လို ပစ္စည်းတွေ ကြာရှည်ခံပစ္စည်း၊ ယမ်းစိမ်းလိုဟာမျိုးတွေကို ရှောင်ကြဉ်ပါမှ ကိုယ်ခန္ဓာ ကျန်းမာရေး ပိုကောင်းလာစေသလို လေဖြတ်တာမှလည်း ကာကွယ်ပေးပါလိမ့်မယ်။
(Crd: Dr Myanmar ၊ Hello ဆရာဝန်)
#PAN