မြန်မာနိုင်ငံ၏လူဦးရေမှာ လွန်ခဲ့သည့် (၁၀)နှစ်ကလူဦးရေထက် လျော့နည်းလာသည်ဟု လဝက ဝန်ကြီးပြော


(ပြည်တွင်း) ဒီဇင်ဘာ ၃၁

မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁ ဒဿမ ၃) သန်းကျော်ဖြစ်ခြင်းကြောင့် လွန်ခဲ့သည့် (၁၀)နှစ်ကလူဦးရေထက် အနည်းငယ်လျော့နည်းလာသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့်အချက်အလက်များနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းအခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အခြားသော လူဦးရေစာရင်းကောက်ယူ မှတ်တမ်းတင်ခြင်းလုပ်ငန်းများနှင့်မတူညီဘဲ အချိန်ကာလကြာမြင့်စွာ၊ ဘဏ္ဍာငွေများစွာဖြင့် စနစ်တကျ စီမံဆောင်ရွက်ရသည့် နိုင်ငံတော်စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက် ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ်သတ်မှတ်၍ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဒေသအချို့ တွင် ရက်တိုးမြှင့်ကောက်ယူခဲ့သည်များလည်းရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပင်မအစီရင်ခံစာကို အသေးစိတ်ပြုစုနေပြီး ၂၀၂၅ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အစီရင်ခံစာများ၊ ဘာသာရပ်အလိုက် သုတေသနစာတမ်း များကိုလည်း ဆက်လက်ပြုစု၍ အဆင့်ဆင့် ထုတ်ပြန်သွားမည်ဖြစ်သည်ဟု သိရသည်။

ယခုသန်းခေါင် စာရင်းကောက်ယူရာတွင် လုံခြုံရေးနှင့်လမ်းပန်း ဆက်သွယ်ရေးအခြေအနေများကြောင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ်များရှိသကဲ့သို့လုံးဝမကောက်ယူနိုင်သည့် မြို့နယ်များလည်းရှိပြီး မကောက်ယူနိုင်သည့် ဒေသများတွင်ရှိသည့်လူဦးရေကို လူဦးရေပညာ၊ Remote Sensing နည်းပညာ၊ နိုင်ငံတကာ အကြံပေး၏ ခန့်မှန်းတွက်ချက်မှု၊ ဌာနဆိုင်ရာစာရင်းအင်းများ စသည်တို့ကို အသုံးပြု၍ ခန့်မှန်းလူဦးရေစာရင်းကို တွက်ချက်ထားခြင်းဖြစ်သည်ဟုလည်း ပြာ်ထောင်စုဝန်ကြီး၏ ပြောဆိုချက်တွင်ပါရှိသည်။

၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းက ရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ (၅၁၃၁၆၇၅၆) ဦးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကအသိပေးကြေညာခဲ့သည်။

ယင်းစာရင်းမှာ သန်းခေါင်စာရင်း ကောက်ယူရရှိသည့် လူဦးရေ (၃၂၁၉၁၄၀၇)ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သည့်ဒေသများ၏ ခန့်မှန်းလူဦးရေ (၁၉၁၂၅၃၄၉)ဦးတို့ဖြစ်ကာ ယင်းတို့အနက် အမျိုးသား (၁၅၁၀၅၂၁၅)ဦး၊ အမျိုးသမီး (၁၇၀၈၆၁၉၂) ဦးဖြစ်ပြီး၊ အမျိုးသား(၄၆ ဒဿမ ၉) ရာခိုင်နှုန်း၊ အမျိုးသမီး (၅၃ ဒဿမ ၁)ဖြစ်သည်ဟု သိရသည်။

လူဦးရေအချိုးကို လေ့လာကြည့်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် (၁၄ ဒဿမ ၄) ရာခိုင်နှုန်းဖြင့်အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် (၀ဒဿမ ၆) ရာခိုင်နှုန်းဖြင့် လူဦးရေအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုကို ကြည့်မည်ဆိုပါက ၁၈၉၁ခုနှစ် သန်းခေါင်စာရင်းအရ (၇ ဒဿမ ၇) သန်း သာရှိပြီး ၁၉၀၁ ခုနှစ်တွင် (၁၀ ဒဿမ ၅)သန်း ၊၁၉၂၁ ခုနှစ်တွင် (၁၃ ဒဿမ ၂)သန်း ၊၁၉၇၃ခုနှစ်တွင် (၂၈ ဒဿမ ၉) သန်း၊ ၁၉၈၃ ခုနှစ်တွင်(၃၅ ဒဿမ ၃)သန်း အထိ တိုးမြင့်လာပြီး ၂၀၁၄ ခုနှစ်တွင် (၅၁ ဒဿမ ၅)သန်းရှိခဲ့ရာမှ ယခု၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းတွက်ချက်မှုအပါအဝင်မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁ ဒဿမ ၃) သန်းကျော်ဖြစ်ခြင်းကြောင့် လွန်ခဲ့သည့် (၁၀)နှစ်ကလူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ကို တွေ့ရသည်ဟု ၎င်းက ပြောဆိုထားသည်။

လူဦးရေပြောင်းလဲခြင်းသည်မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွေ့ပြောင်းခြင်းဆိုသည့်အကြောင်းရင်း(၃)ရပ်ကြောင့် ဖြစ်သည့်အတွက် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်တွင် အကြောင်းရင်းကို လေ့လာဖော်ထုတ် သွားနိုင်မည်ဖြစ်သည်ဟုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN