ထောပတ်သီး စားခြင်း၏ အကျိုးကျေးဇူးများ

(ကျန်းမာရေး)ဒီဇင်ဘာ  ၁၃

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ထောပတ် သီး စားခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      ထောပတ်သီးကို ကမ္ဘာတလွှားမှာ နည်းမျိုးစုံနဲ့ စားသုံးကြပါတယ်။ ထောပတ်ပင်ဟာ မက္ကဆီကိုတောင်ပိုင်းမှာ အဓိကပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ပေါင်း ရှစ်ထောင်လောက်ကတည်းက စိုက်ပျိုးခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ မြန်မာပြည်မှာလည်း ဖျော်ရည်အနေနဲ့ နို့ဆီ၊ သကြားတွေနဲ့ရောပြီး စားသုံးကြပါတယ်။

      လူတချို့က ထောပတ်သီးမှာ ကယ်လိုရီနဲ့ အဆီဓာတ်များတယ်ဆိုပြီး ရှောင်ကြပါတယ်။ ထောပတ်သီးဟာ အဆီဓာတ်များလို့ ထောပတ် သီးစားခြင်းဟာ ကျန်းမာ ရေးနဲ့ညီညွတ်ရဲ့လား ဆိုတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ဝိတ်ချနေတဲ့သူတွေ စားတဲ့ အစားအစာတွေကို ကြည့်ရင် ထောပတ် သီးက ထိပ်ဆုံးက ပါနေပြန်တယ် မဟုတ်ပါလား။

ထောပတ်သီးမှာ ဘာတွေပါဝင်သလဲ

      ထောပတ်သီးမှာ ဖိုင်တိုစတီရောနဲ့ ကရိုတီးနွိုက်လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးအစားတွေလည်း ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကတော့ –
• ဗီတာမင် A
• ဗီတာမင် K
• ဗီတာမင် C
• ဗီတာမင် E
• သံဓာတ်
• ပိုတက်ဆီယမ်
• ဇင့်
• မန်ဂနိစ်
• ဗီတာမင် B အုပ်စု (B-12 မှလွဲ၍)
• ကိုလင်း
• ကယ်လ်ဆီယမ်
• မဂ္ဂနီဆီယမ်
• ဖော့စဖရပ်စ်
• ကြေးနီ
• ဖောလိတ် စတာတွေ ဖြစ်ပါတယ်။

      ပုံမှန်ထောပတ်သီးတလုံးမှာ အဆီဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါပေမယ့် ထောပတ် သီးမှာပါတဲ့ အဆီဓာတ်အများစုဟာ မပြည့်ဝဆီဖြစ်ပါတယ်။ ကျန်းမာ ရေးအတွက် မကောင်းတဲ့ ပြည့်ဝဆီတွေက အနည်း ငယ်ပဲ ပါတာပါ။ ထောပတ်သီးရဲ့ မပြည့်ဝဆီဟာ အမျိုးအစားအားဖြင့် monounsaturated fatty acid ဖြစ်ပြီး MUFA လို့ အတိုကောက်ခေါ်ဝေါ်ပါတယ်။ MUFA ဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပြီး အကျိုးပြု HDL ကိုလက်စထရောကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။

ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား

      ထောပတ်သီးစားခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လား ဆိုတော့ မကြီးမသေး ထောပတ် သီးတစ်လုံးမှာ ၂၅၀ ကယ်လိုရီပါဝင်ပါတယ်။ ထောပတ်သီးမှာ အမျှင်ဓာတ် ကောင်းကောင်းပါဝင်ပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ထောပတ်သီးတစ်ခွက်မှာ အမျှင်ဓာတ် ၂ ဂရမ်လောက် ပါဝင်ပါတယ်။ အမျှင်ဓာတ်ဟာ ဗိုက်ပြည့်နေသလို ခံစားရစေပြီး အလွန် အကျွံစားမိခြင်းကို ကာကွယ်ပေးပါတယ်။

      ဒါ့အပြင် ထောပတ်သီးဟာ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာဆဲလ်များ စတင်ဖြစ်ပေါ်လာတဲ့ အခြေအနေကို တားဆီးနိုင်ပြီး ကင်ဆာဆဲလ်တွေ ပြန့်ပွားနိုင်ခြေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်များသူတွေ၊ အဝလွန်သူတွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ နေ့လယ်စာစားပြီးချိန် ထောပတ်သီးတစ်ဝက်ကို စားပေးခြင်းဟာ ၃ နာရီကနေ ၅ နာရီလောက်ထိ အဆာခံနိုင်တယ်လို့ သိရပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ငြိမ်အောင် ထိန်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန်လျှော့ချလိုပေမယ့် ဗိုက်လည်းမကြာခဏ ဆာတတ်ရင် ထောပတ်သီးကို စားသင့်ပါတယ်။

      ထောပတ်သီးမှာ ပိုတက်ဆီယမ်ဓာတ်လည်း အလွန်ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများတယ်လို့ အများသိကြတဲ့ ငှက်ပျောသီးထက် ထောပတ်သီးမှာ ပိုမိုပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဘေးထွက်ဆိုးကျိုးရှိသလား

      ထောပတ်သီးက သင့်တင့်တဲ့ ပမာာဏစားမယ်ဆိုရင် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် Latex ဓာတ်မတည့်သူများက ထောပတ်သီးကို ရှောင်သင့်ပါတယ်။ Latex ဓာတ်မတည့်သူတွေဟာ ထောပတ်သီးအပြင် ငှက်ပျောသီး၊ ကီဝီသီးများနဲ့ပါ ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း မကောင်းသူတွေမှာလည်း လေပွလေထဖြစ်စေတတ်လို့ အလွန် အကျွံစားတာကို ရှောင်သင့်ပါတယ်။

      အထက်ဖော်ပြပါ အချက်တွေကို ဖတ်ရှုရင် ထောပတ်သီးစားခြင်းကနေ အာဟာရဓာတ်များစွာ ရနိုင်ပြီး ကျန်းမာရေးအတွက် အကျိုးရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်တဲ့ အခြေ အနေတွေကိုသာ သတိပြု ရှောင်ရှားသွားဖို့ ဖြစ်ပါတယ်။
(Crd: Hello ဆရာဝန်)

#PAN