ကော့သောင်းရေပြင်ထဲတွင် ၈ လအတွင်း တရားမဝင်ရှပ်ဆွဲလှေ ၁၃ စီး ဖမ်းဆီးထား

(မှုခင်း) နိုဝင်ဘာ ၁၁

တနင်္သါရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ကော့သောင်းရေပြင်အတွင်းတွင် ၂၀၂၄ ခုနှစ် မတ်လ မှစပြီးယနေ့အထိ တရားမဝင်ရှပ်ခရုဆွဲလှေ ၁၃ စီးဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

“ရှပ်ဖမ်းဆီးခွင့်ကို ရေငုပ်ပြီးဖမ်းဆီးမယ်ဆိုရင် လိုင်စင် ခွင့်ပြုပေးနေပြီး ရေအောက်ကြမ်းပြင်ကိုထွန်ဂျစ်နဲ့ ဒရွတ်ဆွဲဖမ်းဆီးရင် သဘာဝပတ်ဝန်းကျင်ပျက်စီး စေလို့ ခွင့်မပြုထားပါခင်ဗျာ။ ထိထိရောက်ရောက်ဖမ်းဆီးနေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးမှ PAN ကိုပြောဆိုထားသည်။

မတ်လ ၂၇ ရက်နေ့တွင် ခိုကျွန်းအနီး အော်ကြီးချောင်းဝတွင် ရှပ်ဆွဲလှေ ၂ စီး ငွေကျပ် ၁၁၂ သိန်းကျော်တန်ဖိုးရှိသည့် ရှပ်ဆွဲလှေနှစ်စီး၊ မေလ ၄ ရက်နေ့က ခိုကျွန်း၏ အရှေ့တောင်ဘက် ၂.၈ မိုင်နှင့် ၃.၉ မိုင်တို့တွင် ဖိုးရွှေလုံး၊ ဒီပါစိုးအမည်ရှိ ရှပ်ဆွဲ​​​လှေ ၂ စီး တန်းဖိုးငွေကျပ် ၄၈၂ သိန်းကျော်၊ ဇွန်လ ၅ ရက်နေ့တွင် ဥဿာဝနီကျွန်း၏ အနောက်ဘက် ၂.၆ မိုင်တွင် ငွေလ (၉) အမည်ရှိ ရှပ်ဆွဲလှေ တန်ဖိုး ၃၆၈ သိန်းကျပ်အပါအဝင် စုစုပေါင်း ရှပ်ဆွဲလှေ ၁၃ စီးဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၀၁၇ သိန်းဖြစ်ကြောင်း သိရသည်။

တနင်္သါရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်းရှိ ပင်လယ်ရေပြင်အတွင်း တရားမဝင်ရှပ်ခရုလှေများအား ဖမ်းဆီးအရေးယူမှုများရှိနေသော်လည်း ဆက်လက်ခိုးယူမှုတွေရှိနေသည့်အတွက် ဖမ်းဆီးအရေးယူပေးရန် ဒေသခံများတောင်းဆိုနေကြ​သည်။

#PAN