AI နည်းပညာ အခြေခံ ဖော်ထုတ်သူ ပညာရှင် ၂ ဦးအား ရူပဗေဒနိုဘယ်ဆု ချီးမြှင့်


(နိုင်ငံတကာ) အောက်တိုဘာ ၉

AI နည်းပညာ အခြေခံဖော်ထုတ်သူ ပညာရှင် ၂ ဦးအား ၂၀၂၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ချီးမြှင့်လိုက်ကြောင်း သိရပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါက ရူပဗေဒပညာရှင် John Hopfield နဲ့ Geoffrey Hinton တို့နှစ်ဦးကို ကွန်ပျူတာသိပ္ပံပညာရပ်ဆိုင်ရာ Machine Learning နဲ့ပတ်သက်တဲ့ရှာဖွေတွေ့ရှိမှုတွေနဲ့ ထိုးထွင်းတီထွင်မှုတွေအတွက် ပူးတွဲချီးမြှင့်လိုက်တာဖြစ်ကြောင်းလည်း သိရပါတယ်။

တော်ဝင် ဆွီဒင် သိပ္ပံအကယ်ဒမီ အထွေထွေ အတွင်းရေးမှူး Hans Ellegren က အာရုံကြောအတု ကွန်ရက်တွေကိုအသုံးပြုပြီး ဉာဏ်ရည်တုအသုံးပြု စက်တွေက သင်ယူနိုင်မယ့် အခြေခံဖန်တီးမှုဆိုင်ရာ ရှာဖွေတွေ့ရှိမှုနဲ့ တီထွင်မှုတွေအတွက် ၂၀၂၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပြည်ထောင်စု နယူးဂျာဆီ ပြည်နယ် Princeton တက္ကသိုလ်က ရူပဗေဒပညာရှင် John Hopfield နဲ့ ကနေဒါနိုင်ငံ Toronto တက္ကသိုလ်က Geoffrey Hinton တို့ကို ဆုရွေးချယ်ပေးအပ်ခဲ့တာဖြစ်တဲ့အကြောင်း ကြေညာသွားပါတယ်။

ဒီနှစ်အတွက် နိုဘယ်ဆုတွေကို ဒီတပတ်ကစပြီး ချီးမြှင့်ခဲ့တာမှာ ဆေးပညာဆိုင်ရာဆုနဲ့ ရူပဗေဒဆုကိုကြေညာပြီးဖြစ်ရာ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒဆိုင်ရာဆု၊ ကြာသပတေးနေ့မှာ စာပေဆု၊ သောကြာနေ့မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကြေညာမှာဖြစ်ပြီး၊ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုတော့ လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှာ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကြေညာသွားမှာဖြစ်ပါတယ်။ နိုဘယ်ရူပဗေဒဆုအတွက် ဆွီဒင်သုံး ခရိုနာငွေ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ သန်း) ချီးမြှင့်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

၎င်းတို့ နှစ်ဦးရဲ့ တွေ့ရှိချက်တွေနဲ့ တီထွင်မှုက များပြားလှတဲ့ ဒေတာအချက်အလက်တွေကို စီမံခန့်ခွဲဖို့နဲ့ ခွဲခြမ်းစိတ်ဖြာဖို့အပါအဝင် အရေးကြီးတဲ့ သုတေသနလုပ်ငန်း တွေအတွက် ကြီးမားတဲ့အထောက်အကူဖြစ်စေတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN