မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာ နံမည်ကြီးတယ်

(အယ်ဒီတာ့အာဘော်)

ရှေးဦးလူသားတွေဟာ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်နိုင်ဖို့ ဘာသာစကားကို တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ စိတ် ဝင်စားစရာကောင်းတာက ရှေးဦးလူသားတွေဟာ ဘာသာစကားကို အတင်းပြောဆိုခြင်း(Gossip) က စခဲ့တယ်လို့ Yuavl Noah Harari ရဲ့ ” Sapiens, A brief history of Humankind ” စာအုပ်မှာ ဖော်ပြထားတယ်။
ဒီတော့ ” ဘာသာစကားအစ အတင်းက ” လို့ ဆိုရမလိုပါဘဲဗျာ ….

မိုးတွင်းကာလ ရက်တစ်ရက်မှာ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်း ၄ ယောက် ဆုံဖြစ်ကြတယ်။ မိုးက နံနက်စောစောကတည်းက တစ်စိမ့်စိမ့်ရွာနေခဲ့တယ်။
မနက်စာ စားချိန်လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်း ၄ ယောက်ရောက်တတ်ရာရာ စကားတွေပြောနေခဲ့ကြတယ် ဆိုပါတော့။ အဲဒီအချိန်မှာ ပထမ တစ်ယောက်က ခေါင်းစဥ်တစ်ခု အစဆွဲထုတ်လိုက်တယ်၊ အဲဒါကတော့…

”မြန်မာတွေ ဘာကြောင့် မတိုးတက်ကြတာလဲ” ဆိုပြီး မေးခွန်းထုတ်လိုက်တာပါ….
ကျန်တဲ့ ၃ ယောက်က သူတို့ရဲ့ အမြင်အယူအဆတွေ အမျိုးမျိုး ပြောဆို ဆွေးနွေးကြတာပေါ့….

ဒါပေမဲ့ မေးခွန်ထုတ်လိုက်တဲ့သူက မမေးခင်ကတည်း က သူ့မှာအဖြေရှိပြီးသား၊ သူပြောချင်လို့ တမင်မေးခွန်းထုတ်လိုက်တဲ့သဘော၊ သူ လိုချင်တဲ့အဖြေကို ဘယ်သူမှ မပြောတော့ သူကပဲ သူရဲ့ အမြင်ကို ပြောလိုက်တယ်…..

”မြန်မာတွေ မတိုးတက်တဲ့အကြောင်းအရင်းတွေကတော့ ဆွေးနွေးရင် မ​ကုန်နိုင်ဘူးပေါ့လေ ၊ ဒါပေမဲ့ ငါရဲ့ အမြင်ကတော့ အားလုံးကို အချုပ်ပြောရရင် မြန်မာတွေ မညီညွတ်ကြလို့၊ မတည့်ကြလို့ပဲ ”လို့ ပြောလိုက်တယ်….

အဲဒီမှာ ဒုတိယတစ်ယောက်က ”အေး ဟုတ်တာပေါ့၊ မြန််မာတွေဟာ မညီညွတ်ကြဘူး၊ အချင်းချင်းရန်ဖြစ်နေကြတာနဲ့ တိုင်းပြည်ကို မတိုးတက်တာဘဲ” လို့ ထောက်ခံလိုက်တော့ တတိယ တစ်ယောက်က …

” မှန်တယ်ကွ၊ ဆရာတက္ကသိုလ် နေဝင်းမြင့်က စာပေဟောပြောပွဲ တစ်ခုမှာ ‘ မြန်မာတွေဟာ နှစ်ယောက်ရှိရင် လေးဖွဲ့ကွဲသတဲ့၊ ဘာကြောင်လဲဆိုတော့ မိန်းမတွေပါ ပါလာကြလို့’ လို့ ရယ်စရာအဖြစ် ပြောဘူးတယ်၊ တကယ်လဲ မှန်နေတာကိုး ကိုယ်လူတို့” လို့ ပြောပြော ဆိုဆို ထောက်ခံလိုက်တယ်….

စတုတ္ထတစ်ယောက်က ငြိမ်ပြီးနားထောင်နေရာကနေ ”ဒီမှာ ဒါတင်ဘယ်ဟုတ်မလဲ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာ က ဟောခဲ့တဲ့ တရားထဲမှာ ဘာပြောလဲဆိုတော့ ‘ မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာ နံမည်ကြီးတယ်၊ ဘာနံမည်ကြီးလဲဆိုတော့ မတည့်ဘူးဆိုတဲ့ နံမည်ကြီးတယ်၊ မညီညွတ်ဘူးတဲ့၊ တစ်ယောက်ထဲဆို စိတ်ကောက်တယ်၊ နှစ်ယောက်ဆို ရန်ဖြစ်ပြီ သုံးယောက်ဆို လေးဖွဲ့ကွဲသွားပြီလို့ ဒါဟာ ကမ္ဘာမှာ ပြောနေကြတဲ့အပြော ‘ လို့ ဟောခဲ့တယ်၊ ပြီးတော့ ဆရာတော်က ပြောသေးတယ် ‘ မြန်မာတွေက One man show Hero ကြီးတွေဘဲ၊ ဗိုလ်တစ်ထောင် နိုင်ငံလေ၊ ဗိုလ်တစ်ထောင်ဘုရားဆိုတာ မြန်မာနိုင်ငံမှာဘဲရှိတယ်၊ တစ် ကိုယ်ကောင်း ထင်ပေါ်ချင်တဲ့လူတွေ၊ Hero လုပ်ချင်တဲ့သူတွေ ကများပြီး မညီညွတ်တဲ့ သရုပ်ပေါ်တာ ‘ လို့ ဆက်ဟောထားတယ်၊ တကယ့်လဲ ဟုတ်နေတာကိုးကွ ” လို့ ရယ်ရယ်မောမောနဲ့ ပြန်ပြောတယ်၊ သူ့ကြည့်ရတာတော့ တရားဓမ္မနဲ့ နီးစပ်ဟန်တူပါရဲ့ ….

ဒီလို သူငယ်ချင်း ၄ ယောက် လက်ဖက်ရည်သောက်ရင်း စကားတပြောပြောနဲ့ အချိန်ကုန်လို့ ​​ကုန်မှန်း သတိမထားမိကြဘူး၊ မိုးတိတ်လို့ နေတောင်မြင့်လာတော့ စတုတ္ထတစ်ယောက်က သူငယ်ချင်းတို့ ” ငါ့ကို ခွင့်ပြုကြအုံး၊ ငါ့ မိန်းမကို ​စျေးလိုက်ပို့ရအုံးမယ် ” လို့ ပြန်ဖို့ ပြင်လိုက်တယ်ဆိုရင်ဘဲ ကျန်သူငယ်ချင်း ၃ ယောက်က နေပါအုံးကွ သူငယ်ချင်းတွေ ဆုံတုန်းဆုံခိုက် စကားပြောရတာ မဝသေးကြောင်းပြောပြီး တားကြပါတယ်၊ သို့သော်လည်း စတုတ္ထတစ်ယောက်က ပြန်ဖို့ဆုံးဖြတ်ထားပြီး ဖြစ်လေတော့ လာတုံးက ဆောင်းလာတဲ့ ထီးကို ယူရင်ရင်း ”စိတ်မရှိကြပါနဲ့ ငါမဖြစ်မနေသွားရမှာမို့ နားလည်ပေးကြပါ” လို့ ဆိုရင်း ဆိုင်ထဲက ထွက်သွားပါတော့တယ်….

အဲဒီမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေက တားလို့မရမှန်းသိတော့ ခေါင်းငြိမ့်ပြီး ​နှုတ်ဆက်လိုက်ရပါတယ်…

” ဒီကောင်က သူမိန်းမနဲ့ ​ပတ်သက်လာရင်မရဘူး၊ အင်မ တန်ကြောက်တတ်တာ ” လို့ ပထမ တစ်ယောက်ကဆိုတော့ တတိယ တစ်ယောက်က ” အေး ဟုတ်တယ် ငါဆိုရင် သူ့ဆီသွားလည်ရင် သူ့အိမ်မှာ အိမ်အလုပ်တွေလုပ်နေတာဘဲ တွေရပြီး မိန်းမရှေ့မှာ အပိုးကို ကျိုးနေရောဘဲ” လို ရယ်ပြီး ပြောလိုက်တယ်…

ဒုတိယ တစ်ယောက်ကတော့ သူတို့ပြောတာတွေကို နားထောင်ရင်း ဟက်ဟက်ပက်ပက် ရယ်နေရာကနေ ”ဒီကောင်က မိန်းမပါကြောက်ရတာ မဟုတ်ဘူးမောင် ယောက္ခမ နှစ်ယောက်ကိုလည်း ကြောက်ရတာ ” လို့ပြောပြီး ဟားတိုက်ရယ်လိုက်သတဲ့၊

ဒီလိုနဲ့ ပြန်သွားတဲ့ သူငယ်ချင်း စတုတ္ထတစ်ယောက်ရဲ့ အကြောင်းတွေပြောရင်မှာဘဲ ဒုတိယ တစ်ယောက်က ”အေးကွာ မင်းတို့နဲ့စကားပြောရတာ ပြောစရာလည်း ကောင်းပါတယ်၊ ငါလည်း အလုပ်လေးရှိသေးလို့ ပြန်အုံးမယ် ၊ ခွင်ပြုကြအုံး” လို့ ပြောပြီး နှုတ်ဆက်လိုက်တယ်..

ကျန်တဲ့သူငယ်ချင်းနှစ်ယောက်က ဒီနေ့ရုံးပိတ်ရက်လေ ဘာအလုပ်လုပ်စရာရှိလို့လဲ မပြန်ပါနဲ့အုံး တားကြပြန်တယ်၊ ဒါပေမဲ့ ရှေ့အရင်ပြန်သွားတဲ့ တစ်ယောက်လိုဘဲ တတိယတစ်ယောက်ကလည်း ပြန်ဖို့ဆုံးဖြတ်ထားပြီးဖြစ်တော့ တားမရဘဲ နှုတ်ဆက်လိုက်ကြရတယ်…

တတိယ သူငယ်ချင်း ပြန်သွားတော့ ဒုတိယ တစ်ယောက်က ”အလကားပါကွာ ဒီကောင် ဘာအလုပ်မှ မရှိဘူး၊ ဖဲဝိုင်းသွား မလို့ပါကွာ၊ သူ့အိမ်မှာ ငါတို့နဲ့ တွေ့ဖို့အကြောင်းပြပြီး ဖဲဝိုင်းမှာ ရှိုးသွားကစား​မှာလေ ”လို့ ပြောလိုက်တယ်ဆိုရင်ဘဲ

ပထမတစ်ယောက်က ”ဒီကောင်က ကြီးပွားမဲ့ကောင်မဟုတ်ဘူး၊ ဖဲရိုက်အရက်သောက်နဲ့ ရတဲလစာတွေ အကုန်သူသုံးတာဘဲ၊ သူ့မိန်းမက သူ့ဟာဟူ ရုန်းကန်ပြီး ပိုက်ဆံရှာနေရတယ်” လို့ပြော စိတ်မကောင်းဖြစ်သယောင် ဆိုလိုက်တယ်….

အဲဒီလို စကားပြောရင်း နှစ်ယောက်သား စကားပြတ်သွားပြီး အချိန်တော်တော်ကြာ အတွေးကိုယ်စီနဲ့ ငြိမ်နေမိကြတယ်… ပြီးတော့ နှစ်ယောက်သား မတိုင်ပင်ဘဲ နာရီကို တစ်ပြိုင်နက်တည်းကြည့် လိုက်မိကြတော့ နှစ်ယောက်လုံး ပြုံးပြီး ပြန်ဖို့ထလိုက်ကြတယ်  …..

နှစ်ယောက်လုံးရဲ့ အတွေးထဲမှာတော့ ” ငါသာ အရင်ပြန်သွားရင် ဒီကောင် တစ်ယောက်ထဲ ငါအတင်းများပြောနေမလား ” ဆိုပြီး စဥ်းစားရင်း လက်ဖက်ရည်ဆိုင်ထဲက အတူပြန်ထွက်လာကြသတဲ့၊ အင်း ” အတင်း ပြောဆိုခြင်းအစ ကမ္ဘာဦးက ” ဘဲလေ …..

မြန်မာဆိုတာ မညီညွတ်၊ မတည့်တာလဲ မပြောကြနဲ့လေ အနည်းဆုံးတော့ အတင်းတုတ်တတ်ကြတဲ့ လူမျိုးမဟုတ်လားဗျာ ……

နွားကွဲရင် ကျားဆွဲမယ် ဆိုတဲ့ မြန်မာ စကားပုံကို အလေးအနက်ထားပြီး စည်းလုံးချိန်တန်ပြီလို့ဘဲ ပြောပါရစေ …….

#PAN

BA