မြဝတီပို့မည့် StarLink အင်တာနက် ၁၉ ခု မဲဆောက်တွင်ဖမ်းမိ

(နိုင်ငံတကာ) ဩဂုတ် ၈

မြန်မာနိုင်ငံဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီရှိ အွန်လိုင်းလောင်းကစားရုံများ၊ ငွေလိမ်ဂိုဏ်းများထံပို့ဆောင်မည့် StarLink အင်တာနက် ၁၉ ခုနှင့်အတူ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့တွင် သြဂုတ်လ ၈ ရက်နေ့မှာ မဲဆောက်ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်သည်ဟု ထိုင်းဘက်မှလာသည့် သတင်းများအရ သိရသည်။

StarLink အင်တာနက်ပစ္စည်းများကို ဘန်ကောက်မြို့မှတဆင့် မဲဆောက်မြို့ရှိ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုသို့ ပို့ဆောင်လာချိန်တွင် မဲဆောက်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၂ ဦးမှာ အသက် ၂၇ နှင့်အရွယ် ဟိန်းထက်အောင်နှင့် ဖုန်းမြတ်ကျော် ဆိုသူတို့ ဖြစ်ပြီး တရားခံတို့၏ ထွက်ဆိုချက်အရ အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလောင်းကစားရုံများ၊ ငွေလိမ်ဂိုဏ်းများထံ ပို့ဆောင်မည့် ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဖမ်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦးမှာ မဲဆောက်ရဲစခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရကာ ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

#PAN