ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာ အကြား ရထားလမ်း မိုင်တိုင်အမှတ် ၁၂၆/၇-၈ အတွင်း မိုင်းဖောက်ခွဲဖျက်ဆီးခံရ


(ပြည်တွင်း)မေ ၂၅

ယမန်နေ့ နံနက် ၁ နာရီ ၄၂ မိနစ်ခန့် နှင့် ၂ နာရီ ၃ မိနစ်အချိန်ခန့်တို့တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာနှင့် ကညွတ်ကွင်း ဘူတာ အကြား မိုင်တိုင်အမှတ် ၁၂၆/ ၇-၈ ရှိ ပတ္တာရွာ ရထားလမ်းကူးအနီး သံလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မိုင်း ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ ဝင်များက နံနက် ၆ နာရီတွင် ရောက်ရှိလာပြီး နယ်မြေရှင်းလင်း စစ်ဆေးခဲ့ရာ လက်ရှိရထား‌ ပြေးဆွဲနေသည့် အဆန်လမ်းမှ အတွင်းသံလမ်း ၄ ပေခန့် ပြတ်ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံး ခန့်ပျက်စီးပြီး၊ စီမံကိန်း ဆောင်ရွက်လျက်ရှိသော အစုန်လမ်းမှ အတွင်းသံလမ်း ၄ ပေခန့် ပြတ် ထွက်၍ ကွန်ကရစ်ဇလီဖား ၅ တုံးခန့် ပျက်စီးနေကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၆ နာရီတွင် ညောင်ပင်သာနှင့် ကညွတ်ကွင်း ရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်းအချိန်မီ ပြန်လည် ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထား တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်ခဲ့ရာ ယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် အမှတ်(၁၁)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် ကညွတ်ကွင်းသို့ နံနက် ၁၁ နာရီ ၄၇ မိနစ်အချိန် ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ် အချိန်တွင် ပြန်လည်ထွက်ခွာနိုင် သဖြင့်ကြန့်ကြာချိန်(၃၁)မိနစ်နှင့် အမှတ်(၁)အဆန် ရန်ကုန်-မန္တလေး စာပို့ရထားသည် ပဲနွယ်ကုန်း သို့ နေ့လည် ၁၂ နာရီ ၈ မိနစ်အချိန်ရောက်ရှိပြီး နေ့လည် ၁၂ နာရီ ၂၃ မိနစ်အချိန်တွင် ပြန်လည်ထွက်ခွာနိုင်သဖြင့် ကြန့်ကြာချိန်(၁၀)မိနစ် အသီးသီးလူစီးရထားများ ကြန့်ကြာမှုဖြစ်ပေါ်၍ အမှတ်(၆၅၁)အစုန် ကျောက်ရထားသည် ဇေယျဝတီဘူတာ၌ နံနက် ၆ နာရီ ၂၅ မိနစ်တွင် ရောက်ရှိ ရပ်နားထားရပြီး ဖြူးဘူတာမှ ယမန်နေ့ နံနက် ၆ နာရီတွင် ထွက်ခွာရန် အသင့်ရှိနေသော အမှတ်(၉၉၄)အစုန် သာစည်-ပုဇွန်တောင်ခရီးစဉ် ကုန်ရထားအား ခေတ္တ စောင့်ဆိုင်းစေခဲ့ရပြီး လမ်းပိုင်း ပြန်လည်ဖွင့်လှစ်သည့် အချိန်မှသာ စေလွှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၂၀၆)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲ ဖျက်ဆီး ခြင်း(၁၆၄) ကြိမ်၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၄၂)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံ အဆောက်အဦများ ပိုမိုတိုးတက်ကောင်း မွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက် ထားရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများ အနေဖြင့် ရထားဖြင့် ခရီးသွားလာ ရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေးရထား လမ်းအဆင့်မြှင့်တင် ရေးစီမံကိန်း နှောင့်နှေးကြန့်ကြာစေရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ် ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ