YBS ယာဉ်များ ဇွန် ၃၀ ရက် နောက်ဆုံးထား၍ CCTV မတပ်ဆင်ပါက ယာဉ်ပိုင်ကုမ္ပဏီအား ထိရောက်စွာအရေးယူမည်


(ပြည်တွင်း) မေ ၂၀

YBS ကုမ္ပဏီများအားလုံးကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ YBS ယာဉ်များတွင် CCTV တပ်ဆင်ရန် ညွှန်ကြားထားပြီး မတပ်ဆင်ပါက ထိထိရောက်ရောက် အရေးယူရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

YBS ယာဉ်များတွင် CCTV တပ်ဆင်ရန် ညွှန်ကြားထားသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြပြီး မတပ်ဆင်မှုများရှိနေသေးကြောင်းနှင့် လက်ရှိတွင် CCTV မတပ်ရသေးသည့် ယာဉ်အစီးရေ ၁၇၀၀ ခန့် ကျန်နေသေးကြောင်းလည်း ၎င်းကပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း CCTV တပ်ဖိုကိုလည်း ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးတပ်ဖို ညွှန်ကြားပြီးဖြစ်ပါတယ်။ ကျွန်တော်တိုလည်း YBS ကုမ္ပဏီတွေအားလုံးကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး CCTV တပ်ဖို ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လ ၃၀ ရက်နေ့မှာမှ မတပ်ရင် တင်ပြပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့ရှိပါတယ်။ မတပ်လို့ရှိရင်တော့ လိုင်းတွေ၊ ဘာတွေပိတ်တဲ့အထိ အရေးယူတာတွေအထိလည်း ဖြစ်ရင်လည်းဖြစ်သွားနိုင်ပါတယ်”ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။

ထိုအပြင် ခရီးသွားပြည်သူများ အဆင်ပြေစေရန် ခရီးစဉ်လမ်းကြောင်းပြ YBS လမ်းညွှန်မြေပုံပါ စတေကာများကို YBS ယာဉ်များတွင် ကပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ၏ စီမံမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိတွင် YBS ကုမ္ပဏီ ၇ ခု၏ ယာဉ်လိုင်းပေါင်း ၇၁ လိုင်းမှ ယာဉ်အစီးရေ ၃၀၀၀ ကျော်တွင် ကပ်ထားပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ယာဉ်လိုင်းတွင်လည်း ကပ်သွားရန် အစီအစဉ်ရှိကြောင်းလည်း ဦးလျန်ကျင့်မန်က ပြောသည်။

ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် နေ့စဉ် YBS ယာဉ်လိုင်း ၁၃၁ လိုင်းမှ ယာဉ်အစီးရေယာဉ်စီးရေ ၃၈၀၀ ခန့်မှ ခရီးသည် ၁၆ သိန်းခန့်ကို ပြေးဆွဲပေးလျက်ရှိကြောင်းလည်း YRTC မှ သိရသည်။

Telegram»…
https://t.me/positiveanglenews/22765

PAN

SZ