ငွေစက္ကူအတု တရားမဝင်ရောင်းဝယ်မှုများနှင့်ပတ်သက်၍ ဗဟိုဘဏ်ထုတ်ပြန်


(ပြည်တွင်း) မေ ၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ တွင် မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းမပြုလုပ်ရဟုပါရှိပြီး ၎င်းတားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၁၀၅ အရ
ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။

အတုမှန်းသိလျက် သုံးစွဲခြင်း မဖြစ်စေရန်၊ အတု၊ အစစ်စိစစ်ခွဲခြားနိုင်ရန်အတွက် ငွေစက္ကူစတင်ထုတ်ဝေမှုပြုစဉ်ကပင် ယင်းငွေစက္ကူနှင့်ပတ်သက်သော လုံခြုံရေးအချက် အလက်များကို TV သတင်း၊ သတင်းစာ နှင့် ဘဏ်များမှတဆင့်ကျယ်ကျယ်ပြန့်ပြန့် ကြေညာဆောင်ရွက်ခဲ့ကြောင်းနှင့် ငွေစက္ကူနဲ့ ပတ်သက်သော လုံခြုံရေးအချက်အလက်များ၊ သွင်ပြင်လက္ခဏာများကို TV၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website၊ သတင်းစာတွေမှာ ထုတ်ပြန်ပေးထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

လတ်တလော၌ လူမှုကွန်ယက်စာမျက်နှာများတွင် ငွေစက္ကူအတုရောင်းဝယ်သူများ၏ အကောင့်များအပြင် Group များပါ ထွက်ပေါ်ခဲ့သလို ငွေစက္ကူ ရောင်းဝယ်သူများက အိမ်အရောက်ငွေချေခြင်း၊ လူတွေ့ငွေချေခြင်း၊ ငွေကြိုလွှဲပြီး ကားဂိတ်တင်ပေးသော ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြကြောင်း ပြောဆိုရေးသားခြင်းများတွေ့ရှိရ၍ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရပါတယ်။

စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် (၁၁)ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် (၁၅)ကြိမ်၊ ၂၀၂၂ ခုနှစ်တွင်(၉၆)ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် (၄၁)ကြိမ် ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ပြည်သူများအနေဖြင့် ငွေစက္ကူအတုလက်ဝယ်လက်ခံရရှိပြီး နစ်နာဆုံးရှုးမှုမဖြစ်စေရန်၊ ငွေစက္ကူအစစ်များကြားတွင် ညှပ်ထည့်ခြင်း၊ ရောနှောသုံးစွဲခြင်းများကို စိစစ်နိုင်စေရန်အတွက် ငွေစက္ကူအတု၊ အစစ်ခွဲခြားနိုင်သော အချက်အလက်များကို ကိုယ်တိုင်သိရှိပြီး စစ်ဆေးဆောင်ရွက်ကြစေလိုကြောင်းနှင့် ငွေစက္ကူအတုနှင့် အစစ်မှာ များစွာကွာခြားကာ ငွေစက္ကူအတု အများစုမှာ Colour Printer ဖြင့် မိတ္တူကူးဖြတ်တောက်ထားခြင်းဖြစ်ပါတယ်။

အလွယ်ကူဆုံးစစ်ဆေးနိုင်တာတွေကတော့ ငွေတွင်ရိုက်နှိပ်ထားတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာတမ်းနှင့် ငွေတန်ဖိုးနေရာများကို လက်မဖြင့်ပွတ်ဆွဲ ကြည့်ပါက ကြမ်းတမ်းသောထိတွေ့မှုကို ခံစားရပြီး ငွေစက္ကူအတုများတွင် ပြောင်ချောနေသောထိတွေ့မှုကိုသာ ခံစားရပါတယ်။

ငွေစက္ကူရဲ့လုံခြုံရေးကြိုးကို အတည့်ကြည့်ခြင်း၊ တိမ်းစောင်း ကြည့်ခြင်းအားဖြင့် မတူညီသောအရောင်များကို ပြောင်းလဲမြင်တွေ့ရနိုင်သော်လည်း ငွေစက္ကူ အတုတွင် ပြောင်းလဲမှုမရှိဘဲ တစ်ရောင်တည်းကိုသာ မြင်တွေ့ရပါတယ်။

ဒါ့အပြင် ငွေစက္ကူရဲ့မျက်နှာပြင်ပေါ်မှာ အနုစိတ်စာလုံးပေါင်းများစွာ ရိုက်နှိပ် ထားတဲ့အတွက် သာမန်အားဖြင့် မျက်စိဖြင့်ကြည့်လျှင် မမြင်တွေ့ရဘဲ မှန်ဘီလူး (သိုမဟုတ်)လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်၍ Zoom ဆွဲကြည့်ပါက ပြတ်ပြတ်သားသား ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ငွေစက္ကူအတုများတွင် စာလုံးအဖြစ် မမြင်တွေ့နိုင်ဘဲ ဆေးသားများ ပျံ့နှံနေတာကိုသာ တွေ့ရမှာဖြစ်ပါတယ်။

ပြည်သူများအနေဖြင့် ဆုံးရှုးနစ်နာမှုများ မဖြစ်ကြစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးဖော်ပြ ထားသော အတု၊ အစစ်ကွဲပြားမှုများကို သိရှိပြီး စိစစ်ဆောင်ရွက်နိုင်ကြပါကြောင်းနှင့် အကယ်၍ ငွေစက္ကူအတုတွေ့ရှိပါက ဘဏ်များ၊ လုံခြုံရေးရဲတပ်ဖွဲများကို ချိတ်ဆက်သတင်းပိုပြီး အတုဆောင်ရွက်မှုသတင်းအရင်းအမြစ်များကို ဖော်ထုတ် အရေးယူနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ထုတ်ပြန် ထားရှိပါတယ်။

Telegram>>…
https://t.me/positiveanglenews/22279

PAN

SZ