အက်စထရာဇီနီကာ၏ ကိုဗစ်ကာကွယ်ဆေးက သေစေလောက်သည့် ဘေးထွက်ဆိုးကျိုးရှိဟုဝန်ခံလာ


မေ ၁

ဗြိတိန်နှင့်ဆွီဒင်နိုင်ငံတို့က ပူးတွဲထုတ်လုပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက သေစေလောက်သည့် ဘေးထွက်ဆိုးကျိုးရှိတယ်လို့ ထိုဆေးကိုထုတ်လုပ်နေသည့် အက်စထရာဇီနီကာ ကုမ္ပဏီက ဝန်ခံထားသည်။

ဘေးထွက်ဆိုးကျိုးအနေဖြင့် သွေးကြောများပိတ်ဆိုခြင်းနှင့် သေဆုံးသည်အထိဖြစ်စေနိုင်ကြောင်း၊ သို့သော် ယင်းသို့ဖြစ်စဉ်သည် ရှားပါးကြောင်း အက်စထရာဇီနီကာကုမ္ပဏီက ပထမဆုံးအကြိမ် ထုတ်ပြန် လာခြင်းဖြစ်သည်။

အောက်စဖို့တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အက်စထရာဇီနီကာကုမ္ပဏီက ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးက သေဆုံးမှုနှင့် ပြင်းထန်ဒဏ်ရာရရှိစေသည်ဟူသော စွပ်စွဲချက်များနှင့် တရားရင်ဆိုင်နေရစဉ် ကုမ္ပဏီက ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

ကလေးနှစ်ယောက်ဖခင်ဖြစ်သည့် ဂျေမီစကော့ဆိုသူ အမျိုးသားက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြင်းထန်သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးပြီးနောက် သွေးကြောပိတ်ကာ ဦးနှောက်ထိခိုက်ပျက်စီးမှုဖြစ်ရာမှစ၍ ကုမ္ပဏီက တရားစွဲခံရခြင်း ဖြစ်သည်။

ဂျေမီစကော့ က အက်စထရာဇီနီကာကုမ္ပဏီထုတ် ကာကွယ်ဆေးသည် ဆိုးကျိုးများကိုသာ ဖြစ်ပေါ် စေကာ ဘေးကင်းစိတ်ချရမှု နည်းပါးကြောင်းစွပ်စွဲပြီး လျော်ကြေးငွေတောင်းဆိုလာခြင်းဖြစ်သည်။

သို့သော် ဂျေမီစကော့ ၏စွပ်စွဲချက်များကို အက်စထရာဇီနီကာကုမ္ပဏီက ငြင်းဆိုထားသည်။ ဂျေမီစကော့ဖြစ်ပွားသော ရောဂါသည် TTS ရောဂါဖြစ်ပြီး မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်းနှင့် ဝမ်းဗိုက်နာကျင်ခြင်းတိုက ရောဂါလက္ခဏာတစ်ရပ်အဖြစ် ပါဝင်သည်။

အက်စထရာဇီနီကာကုမ္ပဏီသည် ဂျေမီစကော့၏ တရားစွဲဆိုမှုအပေါ် အကြိမ်ကြိမ်ငြင်းဆို ခဲ့သော်လည်း ဖေဖော်ဝါရီလက ဗြိတိန်တရားရုံးချုပ်သို့ ထွက်ဆို ချက်တွင်မူ ၎င်းတို့၏ ကိုဗစ်ကာကွယ်ဆေးက TTS ရောဂါကို ဖြစ်စေနိုင်ကြောင်း၊ သို့သော် အလွန်ရှားပါးကြောင်းနှင့် မည်သည့်အတွက်ကြောင့် ဖြစ်ရ သည်ကို မသိရသေးကြောင်း ထွက်ဆိုထားသည်ကို တွေ့ရသည်။

အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် သွေးကြောများ ပိတ်တတ်သည်ဟုဆိုကာ အနောက်နိုင်ငံများက ၂၀၂၁ ခုနှစ်၊ နွေဦးရာသီကတည်းက အသုံးပြုမှု ဆိုင်းငံ့ခံထားရကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22193

PAN