ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့် ပြည့်စုံပြီး အများပြည်သူ ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်းလိုက်နာကြဖို့ ပြည်ထောင်စုဝန်ကြီး သတိပေးပြောဆို

မတ် ၃

ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့် ပြည့်စုံပြီးအများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများ ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြရန် အထူးအရေးကြီးသည်ဟု ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သတိပေးပြောဆိုလိုက်သည်။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်နေသည့်​ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်မှ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဌာနတွင်းရှိ ဝန်ထမ်းများ၏ အခက်အခဲပြဿနာများကို တတ်နိုင်သမျှ သိရှိဖြေရှင်းပေးရေး ကြိုးစားဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိကြရန်၊ အစိုးရလျှို့ဝှက်စာများ မပေါက်ကြားစေရေး၊ ထက်အောက်ရင်းနှီးချစ်ခင်စွာ ဆက်ဆံရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ကြရန် မှာကြားလိုပြီး ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်မှ တိုးတက်စေရေးဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးမှ ပြောသည်။

ပြည်ထောင်စုဝန်ကြီး၏​ ပြောဆိုချက်များမှာတွင်ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတကာဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများ လိုက်နာဆောင်ရွက်ဥပဒေရုံးများ ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/၉၀) ကို ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိရာ မကြာမီညွှန်ကြားချက် ထုတ်ပြန်ဖြန့်ဝေမည့်ကိစ္စများ၊ ဥပဒေရုံးများ ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည့်အခါ ညွှန်ကြားချက်အသစ်နှင့် အညီ လိုက်နာဆောင်ရွက်ကြမည့်ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရသည်။

ဥပဒေရေးရာဝန်ကြီးဌာနမှ အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသော MLIS ကို ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် စတင်ထုတ်လွှင့်လျှက်ရှိပြီး လာမည့် မေလတွင် ငါးနှစ်တာကာလ ပြည့်မြောက်မည်ဖြစ်ပြီး MLIS တွင် တိုင်းဒေသကြီး၊ ပြည်နယ်များက ပြဋ္ဌာန်းသော ဥပဒေများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးသွား​မည်ဖြစ်ကြောင်း သိရသည်။

ဥပဒေရေးရာဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ CPU ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်း (SOP) ကို ထုတ်ပြန်နိုင်ခဲ့ပြီး CPU အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Terms Of Reference-TOR) ကို ထုတ်ပြန်နိုင်ရေး ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအစည်းအဝေးကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်မှာရှိသည့် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN