အမေရိကန် ဦးဆောင်သော မဟာမိတ်အဖွဲက ယီမင်နိုင်ငံ ဆာနားမြိုကို တိုက်ခိုက်


ဖေဖော်ဝါရီ ၂၆

အမေရိကန် ဦးဆောင်သောမဟာမိတ်အဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းတွင် ယီမင်နိုင်ငံ ဆာနားမြို့ကို တိုက်ခိုက်မှုများလုပ်ဆောင်ကြောင်း ဟူသီတို့၏ သတင်းဌာနက ဖော်ပြထားသည်။ AI-Masirah TV က အမေရိကန်နှင့် ဗြိတိန်တို့သည် ရန်လိုသည့်အနေဖြင့် ယီမင်နိုင်ငံ ဆာနားမြို့ကို တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအနက် အနည်းဆုံးဒုံးကျည်လေးစင်းမှာ ဆာနား မြို့လယ်မြောက်ပိုင်းရှိ အယ်လီယာနာစစ်စခန်းသို့ ကျရောက်ပေါက်ကွဲသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောသည်။

ထိုပြင် စစ်လေယာဉ်များသည် မြို့တော်တောင်ပိုင်းရှိ စစ်စခန်းတစ်ခုနှင့် မြို့တော်အရှေ့ပိုင်းတောင်တန်း ပေါ်ရှိ စစ်စခန်းတစ်ခုတို့ကို တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့သည်ဟု ဒေသခံများကပြောသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် ဗြိတိန်တို့ဘက်က လုပ်ဆောင်သောတိုက်ခိုက်မှုများသည် ဟူသီသူပုန်များ၏ ပစ်မှတ် ဒါဇင်ပေါင်း များစွာကို ထိမှန်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ဟူသီသူပုန်များက ပင်လယ်နီ ဒေသအတွင်းနှင့် ဧဒင်ပင်လယ်ကွေ့ဒေသအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာပြီးနောက် အမေရိကန်နှင့် ဗြိတိန်တို့က ယခုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု များအနက် တစ်ခုမှာ ဗြိတိန်ကုန်တင်သင်္ဘောတစ်စင်းဖြစ်သည့် Rubymar ကို တိုက်ခိုက်မှုဖြစ်ပြီး သင်္ဘောသား များအနေဖြင့် ၎င်းတို့၏ သင်္ဘောကို စွန့်ခွာထွက်ပြေးရသည်အထိ ဖြစ်ပွားခဲ့သည်။ ယခုသီတင်းပတ်အတွင်းမှာပင် ဟူသီသူပုန်များ လုပ်ဆောင်သော အမေရိကန်နှင့် ဗြိတိန်ကုန်တင် သင်္ဘောများအပေါ် တိုက်ခိုက်မှုမှာ အနည်းဆုံး ၆ ကြိမ်ရှိပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။