ဆက်ကြေးမပေးသည့် လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား KIA မိုင်းခွဲ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ခန့်က ဒေသန္တရမိုင်းဟုယူဆရသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါဟိုတယ်မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဆေးပလယ်(၂၇)နှစ်၊ ရပ်ကွက်(၇)၊နယ်မြေ(၁၀)နေသူတွင် ယာလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ဟိုတယ်ရှေ့မှဖြတ်သန်းသွားလာသူ မချောစုအောင်(၁၈)နှစ်၊ ရပ်ကွက်(၅)၊ နယ်မြေ(၄)နေသူတွင် လည်ပင်းအရှေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ညိုသကြီးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင်ရေး လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့်လုံခြုံရေးအထောက်အကူပြု မှတ်တမ်းများအား စိစစ်ချက်အရ အမျိုးသား ၂ ဦးသည် KENBO 110ဆိုင်ကယ်ဖြင့် ဟိုတယ်ရှေ့သို့ ရောက်ရှိလာပြီး ဆိုင်ကယ်အား ဟိုတယ်ရှေ့လမ်းဘေးတွင် ရပ်ထားခဲ့ကာ ၎င်းတို့ ၂ ဦးပြန်လည် ထွက်ခွာသွားပြီးမကြာမီ အဆိုပါဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိစစ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှအဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စန်းရွှင်ဟိုတယ်သို့လိပ်မူပြီး ၎င်းတို့အဖွဲ့ထံ ဖေဖော်ဝါရီလ၅ ရက်နေ့မတိုင်မီ အခွန်ငွေအား မပျက်မကွက်လာရောက်ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ်ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေးကောက်ခံသည့် အကြောင်းကြားစာအား လာရောက်ပေးပို့ခဲ့ပြီး ဟိုတယ်မှပေးသွင်းခြင်းမရှိသဖြင့်ယခုကဲ့သို့ အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား ၂ ဦးအား လားရှိုးမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀(ဈ)/၅၄ နှင့် အမှုဖွင့်လှစ်ပြီး တရားခံများဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN