အောင်မြေသာစံမြို့နယ် NLD ပါတီဝင်တစ်ဦးအား PDF အကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ



ဖေဖော်ဝါရီလ ၅

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ မန္တလေး PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် No-More Dictatorship အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှတစ်ဆင့် လက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အတွင်း ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် မန္တလေးမြို့သို့ သယ်ဆောင်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀ လမ်း၊ ၂၁ x ၂၂ လမ်းကြား၌ သီတာစိုး (ခ) မစိုးနှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် SIG SAUER ပစ္စတို ၅ လက်၊ ANSAR ပစ္စတို ၁ လက်၊ BLOW ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၀၀ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂၀၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ သီတာစိုး(ခ)မစိုး၏ ထွက်ဆိုချက်အရ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၇၀)၊ ၁၂(ဘီ)လမ်းနှင့် ၈၇ လမ်းထောင့်၌ ကေခိုင်(ခ)ကေကေအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁ ဦး၊ မ ၂ ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၀၀ တောင့်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ သီတာစိုး (ခ) မစိုး၏ ထွက်ဆိုချက်အရ ၎င်းသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လိုင်ဇာသို့ သွားရောက်၍ KIA အဖွဲ့ထံ၌ အကြမ်းဖက်သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းတက်ရောက်စဉ် No-More Dictatorship-NMD အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ မျိုးမင်းရန်နိုင်နှင့် ရင်းနှီးခဲ့ပြီး အဆိုပါအဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းဆင်းပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်နေထိုင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကေခိုင် (ခ)ကေကေ၊ တိုးညွန့်တို့နှင့်အတူ NMD အမည်ခံ အကြမ်းဖက်အဖွဲ့အတွက် ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့‌နေ ဖမ်းဆီးရန်ကျန် တရားခံတစ်ဦးမှ လက်နက်/ ခဲယမ်းများအား ကားဂီယာဘောက်အဟောင်းများအတွင်း သိုဝှက်ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် ပို့ဆောင်ပေးပြီး မန္တလေးသို့ ရောက်ရှိစဉ် သီတာစိုး (ခ) မစိုး၊ ကေခိုင် (ခ) ကေကေနှင့် တိုးညွန့်တို့မှ ကားဂိတ်တွင် သွားရောက်ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ၁၄ မိုင် ကျေးရွာအနီး၌ NMD အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံမျိုးမင်းရန်နိုင်ထံသို့ ပို့ဆောင်ပေးရကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လက်နက်/ ခဲယမ်းများအား ၄ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

#PAN