ထီးချိုင့်မြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက် လုပ် ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်းလျက်ရှိသည့် KIA အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက် သမားများအား တပ်မတော် စစ် ကြောင်းများက တိုက်ခိုက်ချေမှုန်းပြီး မိုင်းရှင်းလင်းရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်

နိုဝင်ဘာ – ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အား နိုဝင်ဘာ ၉ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြို့ နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ထီးချိုင့်မြို့အား နိုဝင်ဘာ ၁၂ ရက်တွင် တပ်မတော် စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ထီးချိုင့်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများ အကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း(Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် အကြမ်းဖက်သမားများသည် ထီးချိုင့်မြို့အတွင်းရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက် အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ ပတ်ဝန်းကျင်တဝိုက် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိတွေ့မှုများ ဖြစ်ပွားစဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊   အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ အနေဖြင့် လူနေ အိမ်များ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများအား အကာအကွယ်ပြု၍ ဘန်ကာများ ဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်း လုပ်ငန်းများကိုနေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ခဲ့ကြောင်း သိရှိရပါသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထီးချိုင့်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး နှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းရှင်း လင်းပေးခြင်းများစသည့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။