
နိုဝင်ဘာ ၁၁
အစ္စရေးစစ်ဘက်က ၎င်းတို့အနေဖြင့် ယခင်က Arrow 2 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အသုံး ပြုရာမှ ယခုအခါ Arrow 3 လေကြောင်းရန် ကာကွယ် ရေးစနစ်ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
အစ္စရေးအနေဖြင့် ယီမင်မှနေ၍ ဟူသီသူပုန်များပစ်ခတ်လိုက်သော အမြင့်ပျံဒုံးကျည်တစ်စင်းနှင့် ဂါဇာမှ ပစ်ခတ်လိုက်သော တာဝေးပစ်အမြောက်ကျည်တို့ကို Arrow 2 လေကာစနစ်ကို လေကာစနစ်ကို အသုံးပြု၍ ကြားဖြတ်ဟန့်တားထားနိုင်သည်။
ယခုအသုံးပြုနေပြီဖြစ်သည့် Arrow 3 လေ ကြောင်းရန်ကာကွယ်ရေးစနစ်မှာ ကမ္ဘာ့ လေထုအပြင်ဘက်မှ ပြန်လည်ဝင်ရောက်လာသော အမြင့်ပျံဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကြောင်း အစ္စရေးကာ ကွယ်ရေးဝန်ကြီးဌာနနှင့် အစ္စရေးတပ်မတော်တို့က ထုတ်ပြန်ထားသည်။
“အစ္စရေးလေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့မှစစ်သည်များက Arrow 3 ကြား ဖြတ်ဒုံးကျည်ကို အောင်မြင်စွာအသုံးပြုနိုင်ခဲ့ပါပြီ။ ဒီနေ့မွန်းလွဲပိုင်းမှာပဲ အစ္စရေးဆီ ဦးတည်ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ပင်လယ်နီဒေသအတွင်းမှာ ကြားဖြတ်ပစ်ချလိုက်နိုင်ခဲ့ပါတယ်” ဟု အစ္စရေးတပ်မတော်၏ နိုဝင်ဘာလ ၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Arrow 3 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ၂ဝ၁၇ ခုနှစ်ကတည်းက စတင်ဖြန့်ကြက် အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း ယခုမှပထမဆုံးအကြိမ်အဖြစ် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခြင်းဖြစ်သည်။
ယခုပစ်ချလိုက်နိုင်သည့် ဒုံးကျည်တစ်စင်းကို မည်သည့်အဖွဲ့ကပစ်ခတ်လိုက်သည်ကို အစ္စရေးဘက်က ထုတ်ပြန်ထားခြင်းမရှိသော်လည်း ယင်းဒုံးကျည်သည် ယီမင်ရှိ ဟူသီသူပုန်များ ပစ်ခတ်လိုက်သော ဒုံးကျည် ဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းဌာနများ ကဖော်ပြထားသည်။
အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ပဋိပက္ခများစတင်ဖြစ်ပွားပြီးနောက် ယီမင်ရှိ ဟူသီသူပုန်များကလည်း အစ္စရေးအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများတွင် နောက်ဆုံးပေါ်အဆင့်မြင့် အနိမ့်ပျံနှင့် အမြင့်ပျံဒုံးကျည်များအပြင် မောင်းသူမဲ့လေယာဉ် အသုံးပြုမှုများလည်း ပါဝင်ကြောင်း သိရသည်။
#PAN