
နိုဝင်ဘာ ၁၁
ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော အစ္စရေးနှင့်ဟားမတ်တို့ကြား တိုက်ပွဲများ အပစ်အခတ် ရပ်စဲရေးသည် ဖြစ်နိုင်ခြေလုံးဝမရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြော သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေး အခြေအနေအတွက် အခွင့်အလမ်းများနှင့်ပတ်သက်၍ သတင်း ထောက် များက မေးမြန်းစဉ် ဘိုင်ဒင် က နိုဝင်ဘာလ ၉ ရက်တွင် အိမ်ဖြူတော်ရှေ့၌ ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။
ထို့နောက် ဘိုင်ဒင် က လေယာဉ်ပေါ်တက်စဉ်တွင်မူ ၎င်းအနေဖြင့် ဂါဇာတွင် သုံးရက်ထက်ပို၍ ပစ်ခတ်မှုများ ခေတ္တရပ်ဆိုင်းပေးရန် တိုက်တွန်းထားသည်ဟု ထုတ်ပြန်လာသည်။
သို့သော် ဟားမတ်စစ်သွေးကြွများကို အပြီး တိုင်ချေမှုန်းပြီးသည်အထိ စစ်ဆင်ရေးကို ဆောင်ရွက်သွားဖွယ်ရှိသည့် အစ္စရေးဘက်က ရေရှည်အပစ်အခတ်ဆိုင်းငံ့မှုကို ခွင့်ပြုသွားစေရန် အမေရိကန်ဘက်က လုပ်ဆောင်ထားခြင်းမရှိပေ။
ထို့ကြောင့် အစ္စရေးအနေဖြင့် ဂါဇာတွင် နေ့စဉ်အချိန်ပိုင်းအားဖြင့်သာ အပစ်အခတ်ခေတ္တဆိုင်းငံ့ပေးရန် သဘောတူကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က ပြောကာ ယခုကဲ့သို့ သဘောတူခြင်းသည်ပင်လျှင် အရေးပါသောခြေလှမ်းများဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ဟားမတ်တို့အနေဖြင့် အောက်တိုဘာလ ၇ ရက်တွင် ရုတ်ခြည်းတိုက်ခိုက်မှုစတင်ကာ အစ္စရေးဘက်မှ ဓားစာခံများကို ဖမ်းခေါ်ထားသမျှကာလပတ်လုံး အပစ်အခတ်ရပ်စဲရေး ရှိလာနိုင်မည်မဟုတ်ကြောင်း အစ္စရေး အစိုးရဘက်က ပြောထားသည်။
#PAN