ကြာအင်းဆိပ်ကြီးမြို့ကို လာရောက်တိုက်ခိုက်သော စောအယ်စေးဝါး၏ KTLA အဖွဲ့ မှ Lionbattleion စစ်ကြောင်းနှင့် PDF အကြမ်း ဖက်သောင်းကျန်းသူများ ထိခိုက်အကျအဆုံးများဖြင့် ဆုတ်ခွာခဲ့ရ၊ အယ်စေးဝါးက မကျေနပ်၍ မနက်ဖြန် ထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်

နိုဝင်ဘာ ၂

      ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ဗိုလ်မှူးကြီးအဆင့်ရှိ စောအယ်စေးဝါး၏ KTLA အဖွဲ့ မှ Lionbattleion စစ်ကြောင်းနှင့် PDF အကြမ်း ဖက်သောင်းကျန်းသူ  ပူးပေါင်းအဖွဲ့မှ အင်အား ၅၀၀ ခန့်သည် ကြာအင်းဆိပ်ကြီးမြို့ကို ဝင်ရောက်တိုက်ခိုက်ရာ မြို့ မရဲစခန်း ၏ အနောက် တောင်ဘက် သံပုရာ – ဒါလီလမ်းကြောင်းမှလည်းကောင်း၊ ရဲစခန်း၏ အနောက်မြောက်ဘက် အထက(၁)ကျောင်းဘက်မှလည်းကောင်း၊ ရဲစခန်း၏ အရှေ့တောင်ဘက် အရဟံဘုန်းကြီး ကျောင်းနှင့် ရဲစခန်း၏ အရှေ့မြောက်ဘက် မြို့ နယ်ပြည်သူ့ဆေးရုံဘက်ခြမ်းမှ လည်းကောင်းအဖွဲ့များခွဲ၍ မြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီး နံနက်  ၅ နာရီခွဲအချိန်ခန့်တွင် အကြမ်း ဖက်သောင်း ကျန်းသူ အင်အား ၅၀ ဦးခန့်သည် အမှတ် (၁)ရပ် ကွက်၊ သိပ္ပံလမ်း၊ ဇမိရတနာဈေးအတွင်းသို့ ဝင်ရောက်ကာ ရဲစခန်းခြံစည်းရိုး အနီးသို့ရောက်ရှိနေရာယူပြီး စခန်းခြံစည်းရိုးအား ဖျက်ချိုးဝင်ရောက်ရန် ကြိုးစားသဖြင့်အမှတ်(၆) ဘန်ကာကင်းအဖွဲ့နှင့် အမှတ်(၇)ဘန်ကာကင်းအဖွဲ့များမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ဟန့်တားခဲ့ကြောင်း သိရှိရပါသည်။

     သောင်းကျန်းသူပူးပေါင်းအဖွဲ့ အင်အား ၂၀၀ ခန့်သည် အရဟံဘုန်းကြီးကျောင်းလမ်းမှ တစ်ဆင့် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းဝင်ရောက်ကာဘုန်းကြီးကျောင်းနှင့် ဆေးရုံတို့အား အကာ အကွယ်ယူပြီး တပ်မတော်လုံခြုံရေးတပ်ခွဲ(၁)ခွဲအခြေပြုနေသော ဇမိရတနာခန်းမနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးရုံးဝန်း အတွင်းသို့ ဝင်ရောက်တိုက် ခိုက်ရန် ကြိုးစားခဲ့ရာ မြို့လုံခြုံရေးတပ်ခွဲနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးရုံးဝန်းအတွင်းရှိ ဘန်ကာ /ကင်းများမှ စနစ်တကျခုခံပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူပူးပေါင်းအဖွဲ့ များ ဝင်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရပါသည်။

     သောင်းကျန်းသူပူးပေါင်းအဖွဲ့သည် မြေပြင်တွင် လုံခြုံရေးအဖွဲ့များအား ဝင်ရောက်တိုက်ခိုက်လျက်ရှိစဥ် လုံ​ခြုံရေးတပ်ဖွဲ့ဝင်များ ဦးမမော့နိုင်အောင် ခံစစ်လုံခြုံရေးစည်းများ ကျိုးပေါက်စေရန်အတွက် မြို့မရဲစခန်းဝန်းအတွင်းသို့ Drone ဖြင့် Drop Bomb ၂ ကြိမ် / ၆၀ မမ ဗုံးသီး ၄ လုံးပစ်ချခဲ့ရာ ကင်းအမှတ်(၆) ဘန်ကာနံဘေးတွင် ၁ လုံး၊ (၆)ခန်းတွဲ လိုင်းခန်းအရှေ့တွင် ၁ လုံး၊ (၄)ခန်းတွဲ လိုင်းခန်းအနီးတွင် ၁ လုံး၊ ရဲစခန်း အရှေ့စစ်ရေးပြကွင်းအနီးတွင် ၁ လုံး အသီး သီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

      Drop Bomb ပေါက်ကွဲမှုကြောင့် ရဲစခန်းဝင်းအတွင်းရှိ Foton အမျိုးအစား အချုပ်ယာဉ်လေကာ မှန်ကွဲအက်ပျက်စီးခဲ့ပြီး တပ်ဖွဲ့ပိုင် Wave 110 အမျိုးအစား ဆိုင်ကယ် ၁ စီး၏အင်ဂျင်ထိမှန်ပျက်စီးခဲ့သည်။

     အလားတူ လုံခြုံရေးတပ်ဖွဲ့ အခြေပြုနေသော ဇမိရတနာခန်းမသို့ ၆ဝ မမ ဗုံးသီးဖြင့် Drop Bomb ၁ ကြိမ် ပစ်ချတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရပါသည်။

      သောင်းကျန်းသူပူးပေါင်းအဖွဲ့သည် မြို့တွင်းသို့ဝင်ရောက်စဥ် အမှတ်(၂)ရပ်ကွက်၊စိုက်ပျိုးရေးလမ်းရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးမှ မီးသတ်ယာဥ် ၁ စီး၊ (၆)ခန်းတွဲ(၂)ထပ်နေအိမ်လိုင်းခန်း ၁ ဆောင်နှင့် အမှတ် (၅) ရပ်ကွက်၊ချမ်းမြေ့သာယာလမ်းရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

      သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့၊အမှတ် (၁)ရပ်ကွက်၊သပြေချဥ် (၁)လမ်းနေ ဦးအောင်ဇော်မိုး(ခ) ကျော်မိုး၊ ၄၂ နှစ်၊ (ဘ)ဦးမောင်၊ ကျ ပန်း တွင် လက်နက်ကြီးစထိမှန်၍ နေအိမ်တွင်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

     တပ်မတော် / ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၅ နာရီအချိန် မှ ၁၀ နာရီအချိန်ထိ အကြမ်းဖက်သောင်းကျန်း သူ ပူးပေါင်းအဖွဲ့များကို ခုခံတိုက် ခိုက်လျက်ရှိစဉ် ၁၀ နာရီ ၂၀ မိနစ်အချိန်မှ ၁၀ နာရီ ၄၀ မိနစ်အချိန်ထိ တပ်မတော် (လေ)မှ MI 35 ရဟတ်ယာဉ် ၁ စီးရောက်ရှိပြီး ဝေဟင်မှပစ်ကူပေးခဲ့ကြောင်း၊ ၁၁ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ပြန်လည်ဆုတ်ခွာရာ မြို့နယ်မီးသတ်ရုံးဖက်မှ အဖွဲ့သည် မင်္ဂလာကုန်းကျေးရွာ မှ မြို့ပြင်သို့လည်းကောင်း၊ ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ဇမိရတနာစျေးအတွင်း မှ အဖွဲ့သည် အမှတ်(၅)ရပ် ကွက်၊ပြည်ထောင်စုလမ်းမှ အမှတ် (၃)ရပ်ကွက်၊ဇီးတောဘက်သို့ လည်းကောင်း၊ ၁၂ နာရီအချိန်ခန့်တွင် ဆေးရုံဝင်းမှ အဖွဲ့သည် အမှတ် (၆)ရပ် ကွက်၊အရဟံကျောင်းလမ်းမှ အမှတ်(၆)ရပ်ကွက် ၊ပေါင်းအင်းချောင်ဘက်သို့ လည်းကောင်း အသီး သီးဆုတ်ခွာသွားခဲ့ကြောင်း၊ ၎င်းအချိန်ခန့်မှစတင်၍ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ် ခွာသွားရာလမ်းကြောင်းများနှင့် ခိုအောင်းခဲ့သည့် နေရာများအား တပ်မတော်စစ်ကြောင်းနှင့်ရဲတပ် ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ကြောင်း၊ ဖြစ်စဉ်တွင် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်းနှင့် ရန်သူထိခိုက်သေဆုံးမှုအား စိစစ်ဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။

       ယနေ့ ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စောအယ်စေးဝါး၏ KTLA အဖွဲ့ မှ Lionbattleion စစ်ကြောင်းနှင့် PDF အကြမ်းဖက်သောင်းကျန်း သူ ပူးပေါင်းအဖွဲ့မှ ထိခိုက်အကျအဆုံးများခဲ့သည့်အပြင် ၎င်း၏ ဒုတိယစစ်ကြောင်းမှူး စောလား ပါ ကျဆုံးခဲ့သဖြင့် စောအယ်စေးဝါးက ကျေနပ်မှုမရှိကြောင်း၊ အဆိုပါ တိုက်ပွဲတွင် ကြာအင်းဆိပ်ကြီးမြို့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ရှားဖောင်ဆို သူလည်း ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း၊ ဒုတိယစစ်ကြောင်းမှူး စောလား ၏ လက်ကိုင်ဖုန်း ၂ လုံးကို တပ်မတော်မှ သိမ်းဆည်းရရှိထားကြောင်း သိရပါသည်။

     ” အယ်ဆေးဝါးက လုံးဝမကျေနပ်ဘူး အဲဒါကြောင့်မို့ ခု ကြာအင်းဆိပ်ကြီးဘက်ရွှေဒိုးရွာကိုဝင်ပြီး ရွာထဲကလူတွေကို ရှောင်ခိုင်းပြီး သူတို့နေရာဝင်ယူနေတယ်ကြားတယ်၊  နောက်ရက် မကျေပွဲ ကြာအင်းဆိပ်ကြီးကို ထပ်ဝင်မယ်လို့ ပြောနေတာပဲ၊  ကိုယ့်ဘက်က အသင့်အနေအထားပြင်ထားကြဦးမပေါ့နဲ့ ” ဟု ဒေသခံရွာသား တစ်ဦးက ပြောပြလာပါသည်။