မြေအောက်လမ်းကူးလူသွားဥမင် တည်ဆောက်ရန် မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

အောက်တိုဘာ ၂၀

       ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်မည့် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတော် (အနောက်ဘက်မုခ်နှင့် ပြည်သူ့ ရင်ပြင်) မြေ အောက်လမ်းကူးလူသွားဥမင် တည်ဆောက်ခြင်း မြေသန့် မင်္ဂလာအခမ်းအနားကို အောက်တိုဘာ လ ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။

        ဦးစွာ အခမ်းအနားအား သာသနာ့ဓဇဓမ္မာစရိယ ဘဒ္ဒန္တ သီရိန္ဒ၊ ဒဂုံမြို့နယ် အလံပြကျောင်း ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာ တော်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး အလံပြကျောင်း ဆရာတော်ကြီးထံမှ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊အလံပြကျောင်းဆရာတော်ကြီးထံမှ ရေစက်သွန်းချ အနုမောဒနာတရား နာကြားခြင်းများပြုလုပ်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

       အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်ရခြင်းမှာ ရွှေတိဂုံ စေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင်  ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် သက်သောင့် သက်သာ ဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အအုံတစ်ခု ထပ်မံပေါ်ပေါက်လာစေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် ဥမင်လူသွားလမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက် လေးခု၊ ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက် စီး နှစ်စင်းနှင့် စီမံကိန်းကာလမှာ ၁၄ လ ခန့် ကြာမြင့်မည်ဖြစ်ပါသည်။

#PAN