ပဲခူးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိ

အောက်တိုဘာ ၉

      အောက်တိုဘာလ ၇ ရက်မှ စတင်ကာ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့် တက်လာခဲ့ပြီး ပဲခူးမြို့ပေါ်ရှိ ရပ်ကွက် ၈ ခုနှင့် ကျေးရွာ ၂ ခုမှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပါသည်။

       ပဲခူးမြစ်ရေသည်စိုးရိမ်ရေအမှတ်အထက်၌ ၄၀ စင်တီမီတာတည်ရှိနေမှုကြောင့် ပဲခူးမြို့အတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းအား ယမန်နေ့မနက်မှစ၍ ယာဥ်ငယ်များဖြတ်သန်းသွားလာ၍မရတော့ကြောင်း ၊ ရေကြီးနစ်မြှပ်ရာ ရပ်ကွပ်/ကျေးရွာအုပ်စုများရှိ ရေဘေးသင့်အိမ်ထောင်စုများ သက်ကြီးရွယ်အိုများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပြီး ရေဘေးကယ်ဆယ်စခန်း ယနေ့နေ့လယ်ပိုင်းအထိ ၂၄ ခုဖွင့်လှစ်ထားရှိထားကြောင်းသိရှိရပါသည်။

      အဆိုပါ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် နေရာများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ရေဘေးသင့် ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြပြီး ကူညီစောင့် ရှောက်မှုများနှင့် ကျန်း မာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါသည်။

    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ပဲခူးတပ်နယ်မှ တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထမင်း ဘူးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

       အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တိုင်းပါတီဥက္ကဋ္ဌနှင့် တိုင်းပါတီကော်မတီဝင်များ ၊စေတနာ ရှင်အလှူရှင်များစုပေါင်း၍ ယမန်နေ့ ညနေပိုင်း၌ ရေဘေးသင့်ခံရသော ပဲခူးမြို့ရှိမြို့သစ်ရပ်ကွက်နှင့် ကျောက် ကြီးစုရပ်ကွက်များသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရေသန့်နှင့်ခေါက် ဆွဲခြောက်များကိုလည်းကောင်း၊ ထမင်းထုပ်များအားလည်းကောင်းသွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ထို့ပြင် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ရှိရေကြီးနစ်မြှပ်နေသော ချမ်းမြေ့ဇေယျာစာသင်တိုက်တွင်းရှိ သံဃာတော် ၅၅၀ ပါးတို့ကို ဆွမ်း ဆန်တော် ၅ အိတ်နှင့် ရေသန့်ဗူး ၃၀၀ တို့ကိုလည်းသွားရောက်၍လှူဒါန်းခဲ့ကြောင်း အဆိုပါ နိုင်ငံ ရေးပါတီမှ ပါတီဝင် တစ်ဦးထံမှ သိရပါသည်။

      ထိုသို့ မြစ်ရေကြီးမှုကြောင့် ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား မိုင်တိုင်အမှတ် (၅၀/၃-၇) ရထားလမ်း အလျားပေ ၅၀၀ ခန့်မှာ သံလမ်းအပေါ်‌ရေ ၁၈ လက်မခန့်ကျော်တက်ခဲ့ခြင်းကြောင့် လူစီးအမြန်ရထား ၂ စင်း ခေတ္တရပ်နားထားသည်ဟု သိရပါသည်။

       အမှတ် (၄) အစုန် လူစီးအမြန်ရထားမှာ ပျဉ်ပုံကြီးဘူတာတွင် လည်းကောင်း၊ ပဲခူး-မော်လမြိုင် လမ်းပိုင်းရှိ အမှတ် (၈၂) အစုန်အမြန်ရထားမှာ ဝေါဘူတာတွင်လည်းကောင်း အသီးသီးရောက်ရှိခဲ့ပြီး ရေပြန်လည်ကျဆင်းမည် အချိန်ကို စောင်းဆိုင်းခဲ့ကြရပါသည်။

       မြန်မာ့မီးရထားတာဝန်ရှိသူများက ပျဉ်ပုံကြီးဘူတာမှာ စောင့်ဆိုင်းလျက်ရှိနေတဲ့ ခရီးသည် ၃၀၀ ဦးခန့်ကို နေ့လယ်စာထမင်းများ၊ သောက်သုံးရေ/သုံးရေ များအဆင်ပြေစေရန် စီစဉ်ဆောက်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

        ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ ၏ စီစဉ်ကြီးကြပ်မှုနှင့် မွန်းလွှဲ ၂ နာရီအချိန်ခန့်တွင် ပျဉ်ပုံကြီးဘူတာမှာ ရောက်ရှိနေသည့် ခရီး သည်များမှ ရန်ကုန်ဘူတာကြီးသို့ သွားရောက်မည့် ခရီးသည် ၂၂၅ ဦးကို မော်တော်ယာဉ်ကြီး ၅ စီးနှင့် ပျဉ်ပုံကြီးဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ဆက်လက်ရွှေ့ပြောင်းပို့ဆောင်ပေးခဲ့သည်ဟု သိရပါသည်။

       ၎င်းအပြင် အမှတ် ၈၂ အစုန်အမြန်ရထားတွဲဆိုင်းကို ကလိဘူတာသို့ ရွှေ့ပြောင်းပြီးနောက် ခရီးသည် ၅၇၀ ဦး တို့ကို မော်တော်ယာဉ်ကြီး ၁၀ စီးနှင့် ရန်ကုန်ဘူတာကြီးသို့ ရွှေ့ပြောင်းပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။

       ယခုလို ရထားလမ်းရေကျော်တက်မှုအခြေ အနေသည် ရထားများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသဖြင့် မြန်မာ့မီးရထားအနေနှင့် ရန်ကုန် – မန္တလေး အစုန်/အဆန် အမြန်ရထား ၄ စင်းတို့၏ ခရီးစဉ်တို့ကို ဖျက်သိမ်းလိုက်ရသည်ဟု သိရပါသည်။

       မြန်မာမီးရထားဝန်ထမ်းများအနေနဲ့ ဖောင်တော်သီဘူတာရှိ ၆”X၉” ကျောက်ကြီးများကို ရေဖုံးလွှမ်းနေသည့် လမ်းပိုင်းအတွင်းနေရာများသို့သယ်ယူကာ ရထားလမ်းကြံ့ခိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ယခုလို ရေကျော်တက်နေသော ရထားလမ်းပိုင်းအတွင်း ရေပြန်လည်ကျဆင်းသွားချိန်တွင် လမ်း ၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုူစစ်ဆေးကာ လိုအပ်သည်များကို ပြင်ဆင်မွမ်းမံပြီး ခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါသည်။

#PAN