ဗန်ကောက်မြို့၊ ဈေးဝယ်စင်တာအတွင်း ပစ်ခတ်မှုဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံသားနှင့်စပ်လျဉ်း၍ မြန်မာသံရုံးမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်

အောက်တိုဘာ ၄

     ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Siam Paragon Shopping Mall တွင် ၃-၁၀-၂၀၂၃ ရက်၌ ဖြစ်ပွားခဲ့သည့် သေနတ်သမားတစ်ဦးက ဈေးဝယ်စင်တာအတွင်း လိုက်လံပစ်ခတ်ခဲ့မှုဖြစ်စဉ်ကြောင့် Take Toys Co., Ltd. တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဒေါ်မိုးမြင့်၊ အသက်(၃၁)နှစ်၊ သထုံမြို့ ဇာတိဖြစ်သူသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံအရောက်၌ ဆုံးပါးခဲ့ပါသည်။

       ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဗန်ကောက်မြို့၊ မြန်မာသံရုံးမှ သံအမတ်နှင့် အလုပ်သမား သံအရာရှိတို့က ၄-၁၀-၂၀၂၃ ရက်တွင် Pathuwan နယ်မြေရဲစခန်းမှ ဒုတိယရဲမှူးကြီးနှင့် ယင်းသေဆုံးသူ မြန်မာနိုင်ငံသား၏ အလုပ်ရှင်တို့ထံသို့ သွား ရောက်တွေ့ဆုံ၍ နာရေးကိစ္စနှင့် ကရုဏာကြေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

       ထို့ပြင် မြန်မာသံရုံးအနေဖြင့် သထုံမြို့၌ နေ ထိုင်သည့် သေဆုံးသူ၏ မိခင်ထံသို့လည်း ဆက်သွယ်ဆောင်ရွက်လျက် ကျန်ရစ်သူမိသားစုဝင်များ၏ ဆန္ဒအရ သေဆုံးသူ ဒေါ်မိုးမြင့်အား ၈-၁၀-၂၀၂၃ ရက်တွင် Changwattana ဘုန်းကြီးကျောင်း၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

       ဗန်ကောက်မြို့၊ မြန်မာသံရုံးအနေဖြင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးကပ်ပူးပေါင်းလျက် လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

#PAN