အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်နိုင်ပြီး နောက်တစ်ဆင့်တက်လာတဲ့ မန်ယူ

Photo: Man United

စက်တင်ဘာ ၂၇
ယနေ့နံနက်အစောပိုင်းက Carabao Cup ကစားခဲ့တဲ့ မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးနဲ့နိုင်ပြီး စတုတ္ထအဆင့်ကို တက်ခဲ့ပါတယ်။ ဘန်လေကို နိုင်တဲ့ပွဲက လူစာရင်းကို ၇ ယောက် အပြောင်းအလဲ လုပ်လာခဲ့တဲ့ မန်နေဂျာတန်ဟတ်က မက်ဂွါးယား၊ မေဆင်မောင့်နဲ့ အမ်မရာဘတ်ကို ပွဲထွက်လူစာရင်းမှာ သုံးခဲ့ပါတယ်။ မန်ယူရဲ့ပထမဂိုးကို ၂၁ မိနစ်မှာ ရခဲ့ပါတယ်။ မောင့်၊ ပယ်လီစထရီတို့ရဲ့ကြိုးပမ်းချက်ကနေ ဒါလော့က ကန်တင်တာကို ဂါနာချိုက ပိတ်သွင်းပြီး ဂိုးရခဲ့တာဖြစ်ပါတယ်။ ၂၈ မိနစ်မှာ မေဆင့်မောင့်ရဲ့ ထောင့်ကန်ဘောကို ကတ်ဆမဲရိုးက ခေါင်းတိုက်သွင်းပြီး ဒုတိယဂိုး ယူခဲ့ပါတယ်။ မန်ယူက ပွဲကစားချိန် တလျှောက်လုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး ပဲလေ့စ်က နည်းနည်းပဲ တန်ပြန်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားလို့ ဆယ်မိနစ်အကြာမှာ ကတ်ဆမဲရိုး တင်ပေးတာကို မာရှယ်က ပိတ်သွင်းခဲ့လို့ မန်ယူက Carabao Cup စတုတ္ထအဆင့်ကို တက်သွားခဲ့ပြီ ဖြစ်ပါတယ်။