ဆေးကုသမှုခံယူသူထံမှ ဝင်ငွေခွန်ကောက်ခံခြင်းမပြုလုပ်ရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာ

စက်တင်ဘာ ၂၇

      ဆေးကုသမှု ခံယူသူ​များထံမှ ဝင်ငွေခွန် ၂ ရာခိုင် နှုန်း ထပ်ဆောင်းကောက်ခံခြင်း မပြုလုပ်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီး ဌာနက အသိပေးကြေညာထားပါ သည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများ၏ ရရှိသည့် ဝင် ငွေအပေါ် ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်ပေးဆောင်ရမည့် အစီအစဉ်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။

          ယခုအခါ အချို့ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများက ငွေထုတ်ပေးရန် တာဝန်ရှိသူများအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများက ပေးချေရမည့် ပေးချေငွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း နုတ်ယူရမယ့်အစား ဆေးကုသမှု ခံယူသူများထံမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ထပ်ဆောင်းကောက်ခံသည့် နည်းလမ်းအမှားကို ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း ကြေညာ ချက်အရ သိရပါသည်။

         ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများမှ ငွေထုတ် ပေးရန် တာဝန်ရှိသူများအနေနှင့် ဆေးကုသမှုခံယူသူများထံမှ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ထပ်ဆောင်းကောက်ခံခြင်းကို ဆောင်ရွက်ခြင်း လုံးဝမပြုလုပ်ကြရန် ကြေညာချက်မှာ ဖော်ပြထားပါသည်။

      ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတည်ထောင်ထားသူများအနေနှင့်လည်း မိမိလုပ်ငန်းမှ ငွေထုတ်ပေးရန် တာဝန်ရှိသူများက အခွန်နုတ်ယူပေးသွင်းသည့် လုပ် ငန်းစဉ်များကို ဆောင်ရွက်ရာ၌ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန်ကိုလည်း အသိပေးကြေညာထားပါသည်။

#PAN