ရုရှားနိုင်ငံမှ ရေနံစိမ်းများကို ပိုမိုတိုးမြှင့်တင်သွင်းလာသည့် တရုတ်နိုင်ငံ

စက်တင်ဘာ ၂၃

      တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုသည် ယခုနှစ်ရှစ်လတာကာအတွင်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
တရုတ်အကောက်ခွန်ဌာနက ထုတ်ပြန်ခဲ့သည့်စာရင်းများအရ ယခုနှစ်ပထမရှစ်လတာကာလအတွင်း ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုပမာဏမှာ ပြီးခဲ့သည့်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သည်ကို တွေ့ရသည်။

      ရေနံတင်သွင်းမှုပမာဏအရဆိုပါက ယခုနှစ်ဇန်နဝါရီလမှ ဩဂုတ်လအတွင်း တန်ချိန်သန်းပေါင်း ၇၁ ဒသမ ၂ သန်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ငွေကြေးပမာဏအားဖြင့်ဆိုလျှင်မူ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၁ ဘီလီယံသာရှိသောကြောင့် ပြီးခဲ့သည့်နှစ် နှင့်နှိုင်းယှဉ်ပါက ၄ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားသည်ကို တွေ့ရသည်။

       ရုရှားနိုင်ငံက ၎င်း၏အဓိကဝယ်လက်နိုင်ငံများဖြစ်သော တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကို လျှော့ဈေးများဖြင့် ရေနံ များကို ရောင်းချပေးခြင်းဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ထိုအခွင့်အရေးကို အမိအရရယူခြင်းဖြစ်သည်။

       ထို့ကြောင့် တရုတ်နှင့်အိန္ဒိယတို့အနေဖြင့် ရုရှားမှရေနံတင်သွင်းမှုပမာဏ မြင့်တက်လာသော်လည်း ငွေကြေး အားဖြင့် နည်းပါးသွားခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် ဆော်ဒီအာရေဗျကိုကျော်လွန်ကာ တရုတ်နိုင်ငံသို့ ရေနံအများဆုံးတင်ပို့နိုင်သည့် နိုင်ငံဖြစ်လာသည်။
ဆော်ဒီအာရေဗျသည် ယခုနှစ်ပထမရှစ်အတွင်း တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုပမာဏ တန်ချိန်ပေါင်း ၆၀ ကျော်သာရှိသည်။ ငွေကြေးပမာဏအားဖြင့်မူ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၄၉ ဘီလီယံရှိသည်။

         ထို့ပြင် အီရတ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုတတိယအများဆုံးနိုင်ငံအဖြစ် ဆက် လက်တည်ရှိနေပြီး ရေနံတင်ပို့နိုင်မှုပမာဏအား ဖြင့် တန်ချိန်သန်းပေါင်း ၄၀ ကျော်နှင့် ငွေကြေးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၀၄ ဘီလီယံရှိသည်ကို တွေ့ရသည်။

        အထူးသဖြင့် ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုသည် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ဩဂုတ်လတွင် ၃၀ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်လာပြီး ငွေကြေးပမာဏအားဖြင့် ၄၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း တရုတ် အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

       ၂၀၂၂ ခုနှစ်တစ်နှစ်လုံးတွင် တရုတ်နိုင်ငံက ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုသည် ၈ ဒသမ ၂ ရာခိုင်နှုန်းမြှင့်တက် ခဲ့ပြီး ငွေကြေးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၂ သန်းရှိသည်။

       ရုရှား-ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားပြီးနောက် အနောက်အုပ်စုမှနိုင်ငံများက ရှရှားမှရေနံဝယ်ယူမှုကို ရှောင်ရှား လာစဉ် တရုတ်က ရုရှားမှရေနံများကို တိုးမြှင့်ဝယ်ယူလာခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် G-7 ထိပ်သီးညီလာခံတွင် ရုရှားနိုင်ငံ၏ရေနံဈေးနှုန်းကို ပုံသေဈေးနှုန်းသတ်မှတ်ပြီးနောက် ရုရှားအစိုးရအနေဖြင့် ၎င်း၏ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများကို အာရှဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့ခဲ့ခြင်း ဖြစ်သည်။

#PAN