ဗီယက်နမ် အလံတင်သင်္ဘောကို ထုခွဲရောင်းချရန်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA)က တင်ဒါခေါ်ယူ

စက်တင်ဘာ ၂၃

      မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA)က ထိန်း သိမ်းထားသည့် ဗီယက်နမ်နိုင်ငံအလံတင် M.T VIET TIN LUCKY သင်္ဘောကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထုခွဲရောင်းချသွားမှာဖြစ်ကြောင်း တင် ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ကြေညာထားပါသည်။

         အဆိုပါဗီယက်နမ်သင်္ဘောမှာ အလျား (LOA) ၁၀၉ ဒသမ ၀၉ မီတာ၊ အနံ(Breadth) ၁၈ ဒသမ ၂ မီတာ၊ ရေစူး (Maxdraft) ၆ ဒသမ ၇၁ မီတာ အရွယ်အစားရှိပြီး တန်ချိန် ၄,၅၇၃ တန်ရှိသံခွံအမျိုးအစားဖြစ်ကြောင်း သိရပါသည်။

         အဆိုပါ ရေယာဉ်ကို The Myanmar Terminal (TMT) တံတားတွင် ထိန်းသိမ်းထားရှိခြင်းဖြစ်ပြီး ပြည် တွင်း၊ ပြည်ပကုမ္ပဏီများအနေနှင့် ကိုယ်တိုင်ကြည့်ရှုလေ့လာပြီးနောက် စိတ်ဝင် စားမှုရှိပါက တင်ဒါတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်ဟု ကြေညာချက်အရ သိရပါသည်။

       တင်ဒါလျှောက်လွှာကို ဗဟိုပစ္စည်းထိန်းဌာန၊ ဗိုလ်တထောင်မှာ ဝယ်ယူနိုင်ပြီး စက်တင်ဘာလ ၂၁ ရက်မှ အောက်တိုဘာလ ၂၀ ရက် နေ့လယ် ၁ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၁၉၀၈ ခုနှစ် ဆိပ်ကမ်းများ အက်ဥပဒေပုဒ်မ(၁၁)အရ လေလံ တင် ထုခွဲရောင်းချခြင်းဖြစ်ပြီး အကြောင်းတစ်စုံ တစ်ရာ ပေါ်ပေါက် လာပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တင်ဒါတစ်ခုလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသကို ဖျက်သိမ်းခွင့်ရှိသည်ဟု ပြောကြားထားပါသည်။

#PAN