လားရှိူးမြို့၊ရပ်ကွက်(၂)၊ နယ်မြေ(၆) ရှိ Hotel CS ရှေ့တွင် ဆိုင်ကယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသား  ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရ

စက်တင်ဘာ ၁၉

        ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရှမ်း ပြည် နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့၊ရပ်ကွက်(၂)၊ နယ်မြေ (၆) ရှိ Hotel CS ရှေ့တွင် ဆိုင်ကယ်အတွင်း ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသား  ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

       အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ Hotel CS တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် သန်းထိုက်ဦး ၊၂၅ နှစ်၊(ဘ)ဦးရဲလွင်၊ ဗမာ/ဗုဒ္ဓ က ဟိုတည်ရှေ့ယာဉ်ရပ်နားသည့်နေရာတွင် ရှိနေချိန် အမည်မသိအမျိုးသား ၂ ဦးမှ ဆိုင်ကယ်ကိုယ်စီဖြင့် နှင်းဆီလမ်းနှင့် စံကောင်းလမ်းထောင့်သို့ ရောက်ရှိလာသည်ကိုတွေ့ရှိခဲ့ရကြောင်း ၊ ၎င်းနောက် အဆိုပါ အမျိုးသားနှစ်ဦးမှ တစ်ဦးသည် ဟိုတည်ယာဉ်ရပ်နားသည့်နေရာသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး ကျန်တစ်ဦးမှာ နှင်းဆီလမ်းထောင့်တွင်ကျန်ရစ်ခဲ့ကြောင်း၊ ၎င်းနောက် ဟိုတည်ရှေ့သို့ရောက်ရှိလာသူမှ သန်းထိုက်ဦး ကို Hotel CS တွင် သူငယ်ချင်းတစ်ဦးတည်းခိုနေသဖြင့် ၎င်းအတွက် ဆိုင်ကယ်အပ်နှံပေးခဲ့မည်ဟုပြောကြားခဲ့သဖြင့် သန်းထိုက်ဦး မှ ဟိုတည်တွင်တည်းခိုနေထိုင်သည်ဆိုသည့် ၎င်း၏သူငယ်ချင်းအား ဖုန်းဖြင့်ဆက်သွယ်ပေးရန် ပြောကြားခဲ့ရာ အဆိုပါလူမှ ဖုန်းဖြင့်ဆက်သွယ်ပေးခဲ့ပြီး သန်းထိုက်ဦး နှင့် ဖုန်းပေးပြောခဲ့ရာ သန်းထိုက်ဦးမှ ဟိုတည်အခန်းအမှတ်ဘယ်လောက်တွင် တည်းခိုနေထိုင်လည်းဟု မေးမြန်းခဲ့ရာ တစ်ဖက်လူမှပြန်လည်ပြောကြားနိုင်ခြင်းမရှိခဲ့သဖြင့် သန်းထိုက်ဦး မှဆိုင်ကယ်အား ဟိုတည်တွင် လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြား​ခဲ့ကြောင်း၊ အဆိုပါ အမည်မသိ အမျိုးသားမှ ဆိုင်ကယ်အား ရပ်တန့်ထားခဲ့ပြီး ထွက်ပြေးကာ နှင်းဆီလမ်းနှင့်စံကောင်းလမ်းထောင့်တွင် ၎င်းနှင့်အတူဆိုင်ကယ်ကိုယ်စီဖြင့် လိုက်ပါ၍ အသင့်စောင့်ဆိုင်းနေသူထံသို့ ထွက်ပြေးကာ အနောက်မှ လိုက်ပါ၍ စံကောင်းလမ်းအတိုင်း ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းနောက် သန်းထိုက်ဦး မှအဆိုပါဆိုင်ကယ်အား မင်္သကာသဖြင့် ဟိုတည်ရှေ့ယာဉ်ရပ်နားသည့်နေရာမှ ဆွဲထုတ်ကာ လမ်းတစ်ဖက်သို့ သွား ရောက်ရပ်တန့်ခဲ့ပြီး Hotel CS ရှေ့သို့ပြန်ရောက်ရှိ ချိန်တွင် အဆိုပါ ဆိုင်ကယ်မှပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရပါသည်။

        ထိုသို့ ဆိုင်ကယ် ပေါက်ကွဲမှုကြောင့် ဟိုတည်အနီး ဖြတ်သန်းသွားလာသည့် အားကျင်း၊ ၂၃ နှစ်၊ (ဘ)ဦးကြူစန်း၊ နောင်မွန်ကျေးရွာ၊ လားရှိူးမြို့နယ်နေသူ (သေဆုံး)၊ ကိုစံထွန်း၊ ၁၇ နှစ်၊ (ဘ) ဦးညီကပ်၊ကျယ်ခေါင်ကျေးရွာ၊မန်တုံမြို့နယ်နေသူတွင် ညာခြေကျင်းဝတ် မိုင်းစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရ၊ Hotel CS တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဦးအောင်သိန်း၊ ၇၁ နှစ်၊(ဘ)ဦးဘလွင်၊ နယ်မြေ(၁)၊ ရပ်ကွက်(၁)၊ လားရှိူးမြို့၊ အခန်းအမှတ်(၁၀၁)တွင် တည်းခိုနေထိုင်သူမှ ဝဲဘက်လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊(မစိုးရိမ်ရ)၊ ဦးအောင်သူ၊ ၄၁ နှစ်၊(ဘ)ဦးကံလင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့နေသူမှ ဝဲဖက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်မာလု(ခ)အမ်ဘလွတ်၊၄၅ နှစ်၊(ဘ)ဦးညီခွက်၊ ပါရမီလမ်း၊ နယ်မြေ (၁)၊ ရပ်ကွက်(၁)၊ လားရှိူးမြို့နေသူမှ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်နန်းမွန်၊ ၆၅ နှစ်၊(ဘ)ဦးကြားခတ်၊ နယ်မြေ(၂)၊ ရပ်ကွက်(၁)၊ လားရှိူးမြို့နယ်နေသူမှ ညာဘက်ခြေသလုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများအား လားရှိူးလူငယ်ပရဟိ တအသင်းမှ လားရှိူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

        အဆိုပါ Hotel CS ကို စက်တင်ဘာလ ၈ ရက်နေ့က ပစ်ခတ်ဖောက်ခွဲအဖွဲ့  အမည်ဖြင့် လက်ရေးဖြင့်ရေးသားထားသည့် လက်နက်ထောက်ပံ့ရေးအတွက် မြန်မာငွေကျပ်သိန်း ၃၀၀ အားပေးဆောင်ရန်အတွက် ၎င်းတို့အားဆက်သွယ်ပြီးဆောင်ရွက်ရန်နှင့် ပေးဆောင်ခြင်းမရှိပါက အခြားဟိုတည်များကဲ့သို့ ဖောက် ခွဲမှုများ လုပ် ဆောင်မည်ဟု ရေးသားထားသည့် စာကို ဟိုတည်ကောင်တာဖုန်း Viber သို့ ပို့ပေးထားခဲ့ပြီးနောက် ယခုလို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

      ၎င်း Hotel CS တွင် ဝန်ထမ်း ကျား ၁၈၊ မ ၁၂ ဦး လုပ်ကိုင်လျက်ရှိကြောင်းနှင့် ပိုင်ရှင် ဒေါ်ကျင်မီ၊ ၆၆ နှစ်၊ (ဘ) ဦးစင်(ကွယ်) ဖြစ်ကြောင်း သိရှိရသည်။

       ဗုံးတပ်ဆင်ထားသည့် 125 R(အနက်ရောင်) ကို သယ်ဆောင်လာသူမှာ အသက် ၂၅ နှစ်ခန့်၊ အရပ် ၅ပေ ၃ လက်မခန့်၊ အကျီ အဝါ +အနက်ပြောက်၊ဘောင်းဘီ (အနက်ရောင်)၊ စကားသံဝဲ၊ ပလောင်လူမျိုးဟု ယူဆရသူဖြစ်ပြီးနှင်းဆီလမ်းနှင့် စံကောင်းလမ်းထောင့်တွင်စောင့်ဆိုင်းနေသူမှာ CZI (အနက်ရောင်)ဖြင့် အကျီ(အနက်ရောင်)၊ဂျင်းဘောင်းဘီ (အပြာရောင်)ဝတ်ထားသူဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN