မိုင်းတုံမြို့နယ်၊  နားကောင်းမူးကျေးရွာရှိ နေအိမ်တစ်အိမ်ကို စိစစ်ဆဲ အမျိုးသား တစ်ဦးက ဓားပြတိုက်စဥ် အော်ဟစ်အကူအညီတောင်းရာမှ အိမ်ရှင်အမျိုးသမီး အပါအဝင် ၃ ဦး သတ်ဖြတ်ခံရ

စက်တင်ဘာ ၅

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊  နားကောင်းမူးကျေးရွာရှိ မိသားစုဝင် ၃ ဦးနေထိုင်သည့် နေအိမ်တစ်အိမ်ကို ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်ခန့်က အမည်မသိ(စုံစမ်းဆဲ) လက် နက်ကိုင်ဆောင်ထားသူ အမျိုးသား တစ်ဦးက ဓားပြဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း  နားကောင်းမူးဒေသခံ အမျိုးသားတစ်ဦးထံမှသိရှိရပါသည်။

        အဆိုပါ သေနတ်ကိုင်ဆောင်သည့် အမည်မသိအမျိုးသားတစ်ဦးက ထိုသို့ ဝင်ရောက်ဓားပြတိုက်ခဲ့စဥ်  အိမ်ရှင်ဖြစ်သူ ဒေါ်နန်းနု၊ ၄၉နှစ်က အော်ဟစ်အကူအညီတောင်းခံရာ အကူ အညီပေးရန်အိမ်ပေါ်တက်လာသည့် စိုင်းလောင်(ဝ်)၊ ၃၉ နှစ်နှင့်  အိမ်ရှင်အမျိုးသမီး၏ တူစပ်သူစိုင်းဆိုင်လျန်း၊ ၁၆ နှစ်အပါအဝင်  ၃ ဦးစလုံးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊အဆိုပါ နေအိမ်ဝန်းအတွင်းမှ ၉ မမ ကျည်ခွံ တစ်ခုကို တွေ့ရှိရကြောင်း သိရှိရပါသည်။

        “နံနက်ဝေလီဝေလင်းအချိန် အမျိုးသားတစ်ဦးသေနတ်ကိုင်ဆောင်ကာ ရွာတွင်းမှ အိမ်တစ်အိမ်ထဲသို့ ၀င်ရောက်လာပြီး အိမ်ရှင်ကို ပစ္စည်းများထုတ်ပေးရန် ပြောဆိုကာရိုက်နှက်နေကြောင်း၊ ထိုအချိန် မိုးလင်းနေပြီဖြစ်ရာ အိမ်ရှင်အမျိုးသမီးမှ ဘေးပတ်ဝန်းကျင်ရှိ လူများကို လာရောက်ကူဖို့ရာအော်ဟစ် အကူအညီတောင်းခံခဲ့ရာ ထိုအမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အော်သံကြားသဖြင့် အိမ်အောက် နောက်ဘေးတွင်ရောက်နေသော အမျိုးသားတစ်ဦးက အိမ်ပေါ်သို့တက်လာရာ ထိုအမျိုးသားကို ဓါးပြတိုက်သူက သေနတ်ဖြင့်  ပစ်လိုက်ရာ ထိုတက်လာသည့် အမျိုးသား၏ ဦးခေါင်းကို ထိမှန်ပြီးညနေရာ၌ပင် သေဆုံးသွားကြောင်း၊ ထိုအချိန် ၌ပင်  အိမ်ရှင်ဖြစ်သူ၏ တူလေးတော်စပ်သူက ဆိုင်ကယ်ဖြင့် အိမ်၀င်းထဲသို့ ထပ်မံရောက်ရှိလာရာ အိမ်ပေါ်အတက်၌ပင် ထိုကောင်လေးမှာလည်းသေနတ်ဖြင့် ထပ်မံပစ်ခတ်ခြင်းခံလိုက်ရပြီး ထိုနေရာ၌ပင် သေဆုံးသွားကြောင်း” အဆိုပါနေအိမ်အနီးတွင်နေထိုင်သူ တစ်ဦးထံမှ သိရပါသည်။

      နေအိမ်ဓားပြတိုက်မှု နှင့် လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးသည် မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိရကြောင်း အိမ်ထဲရှိ စိစစ်ဆဲ ရွှေ၊ ငွေများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

      နားကောင်းမူးကျေးရွာနေ အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာမှာတော့ လုံခြုံရေးတွေ မရှိတော့ဘူး။ လက်နက်ကိုင်တဲ့သူတွေလည်း များတယ်။ အစစ အရာရာကို သတိထားပြီး နေရတယ်“ ဟု ဆိုသည်။

      သေနတ်ဖြင့် ပစ်သတ်ခံရသည့် နန်းနုသည် ကျေး ရွာအတွင်း ဝမ်းဆွဲဆရာမတစ်ဦးဖြစ်ပြီး ၎င်းတွင် သား တစ်ယောက်ရှိသော်လည်း လက်ရှိတွင် ၎င်း၏ သားနှင့် အဆက်အသွယ်ပြတ်လပ်နေသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

#PAN