မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေ စားသောက်ရေးအဆင်ပြေစေရေး ဆန်ဆီဆား စားသောက်ကုန်ပစ္စည်းတွေနဲ့ တပ်မတော်စက်ရုံ ထုတ်ကုန်အချို့ကို သက်သာဈေးနဲ့ ရောင်းချ

PAN- မေ ၂၉

မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူတွေ စားသောက်ရေးအဆင်ပြေစေရေး ဆန်ဆီဆား ပစ္စည်းတွေနဲ့ တပ်မတော်စက်ရုံ ထုတ်ကုန်အချို့ကို သက်သာဈေးနဲ့ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မေလ ၂၈ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံအတွင်းမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားတွေနဲ့ တာဝန်ရှိသူတွေက ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် စစ်တွေမြို့က မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ စားသောက်ရေးအဆင်ပြေစေဖို့ ရည်ရွယ်ပြီး မိမိတို့အလိုရှိရာ စားသောက် ကုန်ပစ္စည်းတွေကို ပြင်ပပေါက်ဈေးထက် များစွာသက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချခဲ့တာဖြစ်တယ်လို့ တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

သက်သာချောင်ချိတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခဲ့တဲ့ ပစ္စည်းတွေမှာ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဉ၊ နို့ထွက်ပစ္စည်းများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ တပ်မတော်စက်ရုံတွေက ထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်၊ ဘီစကစ်နဲ့ စည်သွပ်ဘူးတွေဖြစ်တဲ့ အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိ ကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ရောင်းချခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

PAN