မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း အကြမ်းဖက်လုပ်ငန်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် Royal Phoenix Guerilla Force-RPGF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


မေ ၂၂

          နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်းသံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် ရည်ရွယ်၍ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

          ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်မှု လုပ်ရပ်များကို မလိုလားသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့ တိုင်ကြားချက်များအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်ရှိ “တော်ဝင်ဦး” တည်းခိုခန်း၊ အခန်းအမှတ်(၂၀၅)၌ Royal Phoenix Guerilla Force-RPGF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး အား ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး ၏ ထွက်ဆိုချက် အရ မေလ ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၆ လမ်းနှင့် ၁၀၇(အေ)လမ်းကြား၌ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် အား လည်းကောင်း၊ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ဇော်ထက်နှင့် ဟိန်းထက်တို့အား အမရပူရမြို့နယ်၊ ဧရာဝတီတံတား(ရတနာပုံ)စစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင်တို့အား အမရပူရမြို့နယ်၊ မှန်တန်း ရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံ စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် ၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်း ရပ်ကွက်၊ ၇၃(အေ)လမ်း၊ ၁၂၀ လမ်းနှင့် ၁၂၁ လမ်းကြား၌ တရားခံ ဝင်းမာအား ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးဖြင့် လည်းကောင်း၊ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် သူရစိုး(ခ)ကျောက်ရုပ်အား ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာတွင် လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။

          အလားတူ စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်နှင့် အောင်ထွန်းမင်း (ခ)အော်တို တို့၏ထွက်ဆိုချက်အရ ယင်းနေ့ ညပိုင်းတွင် RPGF အမည်ခံအကြမ်းဖက် အဖွဲ့အား ငွေကြေးထောက်ပံ့ ပေးနေသူများဖြစ်သည့် တရားခံ ခိုင်ခိုင်အောင် အား ချမ်းအေးသာဇံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂချောင်းလမ်းတွင်လည်းကောင်း၊ တရားခံ ရန်နောင်ဖြိုး အား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ တိုက်အမှတ်(၁၉)၊ အခန်းအမှတ် (၁၉)တွင် လည်းကောင်း၊ တရားခံ သူဇာဝေနှင့် အောင်ရဲကျော်တို့အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

          ဖြစ်စဉ်တွင် တရားခံ ကျား ၁၀ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၃ ဦးတို့အား တရုတ် ကြိုးဆွဲလက်ပစ်ဗုံး ၅ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ) ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး၊ မင်းမင်းဦး(ခ)သက်ဦးမောင်၊ ဇော်ထက်နှင့် ဇော်ရဲထက်(ခ)သားသား တို့သည် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ KIA တပ်မဟာ (၄)စခန်း၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလတွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း (ခ)ကိုစော(ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ)ကောက်ကြီး၊ မင်းမင်းဦး (ခ)သက်ဦးမောင်၊ ဇော်ထက်နှင့် ဇော်ရဲထက်(ခ)သားသား တို့သည် KIA တပ်မဟာ(၄) စခန်းမှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ) ကောက်ကြီး သည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG မှ တရားခံပြေး ရည်မွန် ဦးဆောင်ပြုလုပ်သည့် ZOOM Meeting များတွင် တက်ရောက် ခဲ့ကြောင်း၊  တရားခံပြေး ရည်မွန် ၏ စေခိုင်းမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်၍ RPGF အမည်ခံအကြမ်းဖက်အဖွဲ့ အား စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် နှင့် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ (ခ)ကောက်ကြီး တို့မှ ခေါင်းဆောင်၍ ဇော်ထက်၊ ဟိန်းထက်၊ ဇော်ရဲထက် (ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို၊ မင်းမင်းဦး(ခ)သက်ဦးမောင်၊ သူရစိုး(ခ)ကျောက်ရုပ် ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့် ဟိန်းမြတ်မင်း(ခ)ဖိုးသား၊ ဒေးဗစ်၊ ခေါင်းကြီး၊ ဘီလူး၊ ပေါက်ကျော်(ခ)စကုတ်၊ ကျော်ကြီး(ခ)အရှည်ကြီး၊ ထွန်းထွန်း(ခ)ဂျင်းမွှေး၊ မဲကြီး အပါအဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အမည်ခံအကြမ်းဖက် အဖွဲ့မှ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားခံပြေး ရည်မွန် မှ ပစ္စတို ၂ လက်နှင့် ၎င်းကျည် ၅၀ တောင့် တို့အား ပေးပို့ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ပေါက်ကျော်(ခ)စကုတ်ထံတွင် သိမ်းဆည်းထားကြောင်း၊ ထို့အပြင် ဖောက်ခွဲရေးပစ္စည်းများ ဝယ်ယူ ရန်အတွက် ရန်နောင်ဖြိုး မှ ငွေကျပ် ၅ သိန်း၊ အောင်ရဲကျော် မှ ငွေကျပ် ၁၀ သိန်း၊ ခိုင်ခိုင်အောင်မှ ငွေကျပ် ၁၀ သိန်း၊ သူဇာဝေ မှ ငွေကျပ် သိန်း ၂၀ နှင့် ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့်၏ ခိုင်းစေမှုဖြင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၂ ကြိမ် ကျူးလွန်ခဲ့ကြောင်း-

၂၀၂၃ ခုနှစ်၊  ဧပြီလ ၂၀ ရက်တွင် ဇော်ထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း(ခ)အော်တို နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ပေါက်ကျော်(ခ)စကုတ်၊ ဟိန်းမြတ်မင်း(ခ)ဖိုးသားနှင့် ဒေးဗစ် တို့သည် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ “နှင်းရွှေရည်”လက်ဖက်ရည်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးကျော်စိုးအား ဒလန်ဟု စွပ်စွဲကာ ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

ဧပြီလ ၂၇ ရက်တွင် စောဘငြိမ်း(ခ) ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် ခေါင်းဆောင်၍ ဇော်ထက်၊ ဇော်ရဲထက်(ခ)သားသား၊ အောင်ထွန်းမင်း (ခ)အော်တိုနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ပေါက်ကျော် (ခ)စကုတ်၊ ထွန်းထွန်း(ခ)ဂျင်းမွှေးတို့သည် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် သွားရောက်စဉ် နေအိမ်၌ တွေ့ရှိခြင်းမရှိသဖြင့် ၎င်း၏ သားဖြစ်သည့် အပြစ်မဲ့ပြည်သူ ဦးစန်းယုမောင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့ပြီး သူရစိုး(ခ)ကျောက်ရုပ်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

          ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ RPGF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း မိုင်းထောင်ဖောက်ခွဲမှု ၉ ကြိမ် ကျူးလွန်ခဲ့ကြောင်း-

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော (ခ)ကိုပြည့်၊ ချမ်းမြေ့ဦး(ခ) ဘရိတ်ကီ(ခ)ကောက်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ပေါက်ကျော်(ခ)စကုတ် တို့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ  “Space Bar” စားသောက်ဆိုင်ရှေ့၌ လက်လုပ်မိုင်း ၁ လုံးဖြင့် သွားရောက် ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။