ဇက်ကျီးပေါင်း ဘာကြောင့်တက်သလဲ

ကျီးပေါင်းတက်ရောဂါဆိုသည်မှာ ယခုဆယ်စုနှစ် အတွင်းမှာမှ လူထုအတွင်း ခေတ်စားလာသောရောဂါ ဖြစ်သည်။ ဇက်ကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဒူးကျီးပေါင်း၊ ဖနောင့်ကျီးပေါင်း စသည်ဖြင့် ကျီးပေါင်းရောဂါအမည် များစွာ တွင်တွင်ကျယ်ကျယ်ပြောလာကြသည်။

ထိုသို့ လူပြောများလာသဖြင့် ရိုးရိုးဇက်ကြောတက်သူများကပင် ဇက်ကျီးပေါင်းများလားဟု သံသယဝင်လာကြသည်။ အထိုင်များ သော အလုပ်ကိုလုပ်၍ မကြာခဏ ခါးနာတတ်သူကလည်း ခါးကျီးပေါင်းတက် နေပြီလားဟု သံသယဝင်လာကြသည်။ ခန္ဓာကိုယ် ဝလာ၍ ဒူးနာသူ၊ လှေကားအဆင်းအတက်များ၍ ဖနောင့်နာသူများကလည်း ဒူးကျီးပေါင်းလား၊ ဖနောင့်ကျီးပေါင်းတက်ပြီး အတက်ထွက်နေပြီလားဟု ဓာတ်မှန်ရိုက်ကာ စစ်ဆေးချင်လာကြသည်။

ကွန်ပျူတာအကြည့်များပြီး ဇက်ကြောတက်သူ အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးသည် ကျီးပေါင်းပျောက်ဆေးတစ်မျိုးကို  ဝယ်ပြီး (မိမိသဘောဖြင့်) စားနေသည်ကို တွေ့ရသည်။ သေချာစစ်ဆေးကုသ သောအခါမှ မျက်စိသူငယ်အိမ်စောင်းပြီး မျက်မှန်တပ် ရန် လိုအပ်နေသည်ကို တွေ့ရသည်။ မျက်စိဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သောအခါ ကွန်ပျူတာ ပြန်သုံး နိုင်သည်ကို တွေ့ရသည်။ အသက် ၂၀ အရွယ်ဖြင့် ကျီးပေါင်းတက်ရောဂါမဖြစ်နိုင်ပါ။

လူငယ်များ ဇက်ကြောတက်ခြင်း၊ ငယ်ငယ်ရွယ်ရွယ် နှင့်မျက်စိမှုန်ရခြင်းမှာ လက်ကိုင်ဖုန်း အသုံးများခြင်းကြောင့် အဓိကဖြစ်သည်။  ဖုန်းမျက်နှာပြင်သေးလျှင် အာရုံစိုက်ကြည့်ရခြင်း၊ ဖုန်းမျက်နှာပြင် အလင်းရောင်လျှော့မထားဘဲ အလင်းများသည့် အနေအထားဖြင့် ကြည့်ရှုခြင်း၊ ဖုန်းကြည့်ရှုသည့် အချိန်များခြင်းတို့ကြောင့် မျက်စိထိခိုက်ရသည်။ မျက်စိကို ထောက်ပံ့ရသည့် အာရုံကြော အဖွဲ့အစည်း သည် ဦးနှောက်အတွင်းမှ ထွက်သဖြင့် ဦးနှောက်ကိုပါ ထိခိုက်ရသည်။  ခေါင်းငုံ့ကြည့်ရှုရ၍ ဇက်မှအရိုးအဆစ်နှင့် အာရုံကြောများပါ အညောင်းမိပြီး ဒဏ်ဖြစ်လာသည်။

ဝမ်းချုပ်ခြင်းကြောင့် အကြောတက်

တစ်ခါတစ်ရံ လူငယ်အများစုသည် အသင့်စားခေါက်ဆွဲ၊ ကော်ဖီမစ်၊ အချိုရည်ဘူး စသည်တို့ကို အလွယ်တကူအစားများပြီး အသီးအနှံ၊ သဘာဝအစားအစာ စားသုံးမှုနည်းသောကြောင့် ဝမ်းချုပ်လာကြသည်။ ဝမ်းချုပ်ခြင်းသည် အထိုင်များခြင်း၊  လမ်းလျှောက်နည်းခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဝမ်းချုပ်သူသည် နောက်ကြောတက် ရောဂါဖြစ်လာတတ်သည်။

ဝမ်းချုပ်သူသည် တိုင်းရင်းဆေးပညာရှုထောင့်မှကြည့်လျှင် အောက်သို့တွန်းသောလေ(အဓေါဂမဝါယော) အားနည်းသူဖြစ်သည်။ ထိုအခါ ဆန့်ကျင်ဘက် (ဥဓင်္ဂမဝါယော) အထက်သို့ဆန်သောလေ အားကြီးလာသည်။ ထိုအခါ ဇက်ကြောထိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဦးခေါင်းမကြည်ခြင်း၊ မျက်စိအမြင်ဝေဝါးခြင်းများ ဖြစ်လာတော့သည်။

ဤသို့ဖြစ်ခြင်းကို တချို့က ဇက်ကျီးပေါင်းတက်ခြင်းနှင့် အမြင်မှားကြသည်။ ကျီးပေါင်း ရှိ၊ မရှိ ဓာတ် မှန်ရိုက် စစ်ဆေးချင်ကြသည်။ တချို့က မိမိဘာသာ ကျီးပေါင်းပျောက်ဆေး ဝယ်စားကြသည်။ အမှန်တကယ် ကျီးပေါင်းရောဂါမဟုတ်ဘဲ တလွဲကုထုံးဖြင့် ကုသနေသူသည် ရောဂါမပျောက်ကင်းနိုင်ပေ။

ဝမ်းအလွန်ချုပ်သူသည် ကြာလျှင် စအိုကြွက်သားများ ညှစ်အားသုံးရဖန်များသဖြင့် အတွင်းလိပ်ခေါင်း၊ ထို့နောက် အပြင်လိပ်ခေါင်း ဖြစ်လာနိုင်သည်။ လိပ် ခေါင်းရောဂါရှိသူများသည် အလွန်နောက်ကြောတက်ကြသည်။ တချို့ နောက်ကြော၊ ပခုံးကြွက်သားများကို အနှိပ်ခံရုံသာမက သနပ်ခါးတုံး၊ သစ်သားချောင်းများဖြင့် ထုရိုက်နေသူများ တွေ့ဖူးသည်။ တချို့မှာ ဒေသအလိုက် ရိုးရာကုထုံး စားခြစ်သည်(ရှားခြစ်သည်)ဟု ဆိုကာ ပရုတ်ဆီဘူးအဖုံးဖြင့် အရေပြားပွန်းအောင် ခြစ်ပြီး   အကိုက်အခဲသက်သာစေရန်   ပြုလုပ်ကြ သည်။ တချို့မှာ ပိုက်ဆံအကြွေစေ့ပြားဖြင့် အနီအရဲ အစင်းထင်အောင် ခြစ်ကြသည်ကို တွေ့ဖူးသည်။ ထိုသို့ အကြောတက် သူများသည် များသောအားဖြင့် ဝမ်းချုပ် တတ်သူ၊ လိပ်ခေါင်းရောဂါရှိသူများဖြစ်သည်။ ထိုသူများသည် တစ်ခါတစ်ရံ ကျီးပေါင်းတက် ရောဂါနှင့် မှားတတ်ကြသည်။

ဇက်ကျီးပေါင်းတက်ရောဂါ

ဇက်(လည်ပင်း)တွင် တစ်ခုပေါ်တစ်ခု ထပ်လျက် အရိုးအဆစ်ကြီး ခုနစ်ဆစ်ရှိသည်။ အဆစ်နှစ်ခုကြားတိုင်းမှ ဘယ်ညာ တစ်ဖက်စီသို့   အာရုံကြောများ ထွက်သည်။ ထိုအာရုံကြောများမှ အလုပ်လုပ်ပေးသဖြင့် ဇက်လှည့်ခြင်း၊ ခေါင်းမော့ခြင်း၊ ခေါင်းငုံ့ခြင်း၊ လက်နှစ်ဖက် လှုပ်ရှားမှု စသည်တို့ကို ထိန်းချုပ်ပေး သည်။ အနုစိတ် လက်ချောင်းလေးတစ်ချောင်း၏ ထိပ်တွင် ကျဉ်နေသည်ကအစ ကျီးပေါင်း တက်ရောဂါနှင့်သက်ဆိုင်သည်။

တချို့သူများသည် ဇက်ကြောတက်ခြင်း၊ ဇက်ညောင်းခြင်း မဖြစ်ကြသော်လည်း ညအိပ်ရာဝင် ခေါင်းအုံးပေါ်ဇက်တင်ပြီး ဖိလိုက် သည်နှင့် တစ်နာရီခန့်ကြာသောအခါ လက်တစ်ဖက်ဖြစ်စေ၊ နှစ်ဖက်စလုံးဖြစ်စေ ကျဉ်ပြီး နိုးလာတတ်သည်။ ဤသည်မှာ ဇက်ကျီး ပေါင်းနှင့် အာရုံကြောပိမိသည့် လက္ခဏာပင်ဖြစ်သည်။

အနောက်တိုင်းခန္ဓာဗေဒ(Anatomy) အရ ဇက်တွင် အရိုးအဆစ်ခုနစ်ဆစ်ရှိသဖြင့် ကျီးပေါင်းတက် လျှင် အကြောညပ်နိုင်သည့် နေရာ ခုနစ်နေရာရှိသည်ကို တွေ့ရသည်။

အကြောအဆစ်ပညာရှင်များ၏ သုတေသနအရ..လည်ပင်းရိုးဆစ် Cervical ကို အတိုအားဖြင့် (C) ဟု မှတ်သားပါ။ ဦးခေါင်းမှ စထွက်သောအဆစ်ကို C1 ဟု စမှတ်ပြီး တစ်ခုပြီးတစ်ခု C2, C3, C4, C5,C6, C7 ဟု မှတ်သွားရန်ဖြစ်သည်။

အကယ်၍ လည်ပင်းရိုးဆစ်နှစ်ခုကြားတွင် ကျီးပေါင်းတက်ပြီး အရွတ်နုကို ပွန်းစားသဖြင့် အာရုံကြောကို ပိမိလျှင် ခံစားရမည့် နောက်ဆက်တွဲ လက္ခဏာများမှာ-

အာရုံကြောညပ်ခြင်းတွင် ရောဂါ၏ အတိမ်အနက် ပေါ်မူတည်၍ ကျဉ်ခြင်း၊ ထုံခြင်း၊ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်ပေါ် ခံစားရပေသည်။

C1-C2   ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အထက် ဦးခေါင်းတစ်ခုလုံး ဘယ်ညာ၊ ဘယ်ညာ နားရွက်အောက်မှမေးရိုးတစ်

လျှောက်၊

C2-C3   ကြားတွင် အာရုံကြောညပ်လျှင် နောက် စေ့အောက် ကုပ်ဆက်အထက် လည်စလုတ်အထိ၊

C3-C4   ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်အထက်နားမှ ဘယ်ညာညှပ်ရိုးအထက် ဧရိယာအထိ၊

C4-C5   ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက်မှ ဘယ်ညာပခုံးကြောဧရိယာအထိ၊

C5-C6   ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ် ဆက်အောက်မှ ဘယ်ညာညှပ်ရိုးအောက်၊

C6-C7   ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အထက်နားမှ လက်မောင်း၊ လက်ဖျံရှေ့နောက်အပြင် ဘေးတစ်

လျှောက် မှ လက်ညှိုး၊ လက်ခလယ်သို့၊

C7-T1   ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာ လက်ပြင်အလယ်မှ လက်မောင်း၊ လက်ဖျံ ရှေ့နောက်၊ အတွင်း ဘေးတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ။

အထက်ပါအတိုင်း အာရုံကြောများ ဖိညှပ်ခံရမှု ပေါ်မူတည်၍ ဝေဒနာအမျိုးမျိုး ကွဲပြားစွာဖြစ်ပေါ် တတ်လေသည်။

နှလုံးရောဂါဆရာဝန်က    နှလုံးနှင့်ပတ်သက်၍ စစ်ဆေးကြည့်ပြီး ပြစ်ချက်မတွေ့သောအခါတွင် ဇက်ကျီးပေါင်း ရှိ၊ မရှိ C.Spine ခေါ် လည်ပင်းရိုးဆစ် ဓာတ်မှန်ရိုက်စစ်လေ့ရှိသည်။ ထိုအခါမှ လည်ပင်း (ဇက်) ကျီးပေါင်းရောဂါရှိနေမှန်းသိကြလေသည်။

မူးတိုင်း နှလုံးရောဂါမဟုတ်၊ ဇက်ကျီးပေါင်းရောဂါကြောင့်ဖြစ်နိုင်သည်ကို သတိပြုရန်လိုသည်။

ဇက်ကျီးပေါင်းရောဂါ မဖြစ်စေရန်

၁။ ခေါင်းငုံ့ပြီး၊ မော့ပြီး ကြာရှည်လုပ်ရသော အလုပ်များကို ရှောင်ကြဉ်ရန်။အကယ်၍ မလွှဲမရှောင်သာ လုပ်ရပါကလည်း တစ်နာရီကြာလျှင် ၁၀ မိနစ်ခန့် အနားယူပေးရန်လိုအပ်သည်။

            ၂။ ကုလားထိုင်၊ တန်းလျားများပေါ်တွင် ဇက်တင်ပြီးဖြစ်စေ၊ ခွေခေါက်ပြီးဖြစ်စေအိပ်ခြင်းကို ရှောင်ကြဉ်ပါ။

            ၃။ ခေါင်းပေါ်တွင် အလေးအပင်ရွက်ခြင်း၊အထူးသဖြင့် ၁၀ ပိဿာထက်ပိုသော အလေးအပင်ကို ရွက်ခြင်းမှ ရှောင်ကြဉ်ပါ။

            ၄။ ပန်ကာအသုံးပြုပြီး ထိုင်အလုပ်လုပ်နေ သူများသည် မိမိခေါင်းပေါ်တည့်တည့် မှာ ပန်ကာဖွင့်ခြင်း မပြုသင့်ပါ။

            ၅။ ဇက်ကြောတက်ခြင်းကြောင့်  အနှိပ်ခံ ခြင်း၊ ခေါင်းလျှော်ချိန် ရေလောင်းပြီး ဇက်ကြောနှိပ်ခြင်းများ မပြုလုပ်သင့်ပါ။

            Cervical Spondylosis ဟု အနောက်တိုင်း ဆေးပညာအရခေါ်သော “ဇက်ကျီးပေါင်းတက် ရောဂါ” ၏ ခံစားချက် များမှာ အောက်ပါအတိုင်းဖြစ် ပေါ်တတ်ပါသည်-

            ၁။ ဇက်ကြောတင်းခြင်း၊ တက်ခြင်း၊

            ၂။ လည်ပင်းရိုးဆစ်တောင့်တင်းပြီး အနေခက်ခြင်း၊

            ၃။  ခေါင်းငုံ့ အားစိုက်ရသည့်အလုပ်ကို ကြာရှည်မလုပ်နိုင်ခြင်း၊

            ၄။ လက်မောင်းနှင့် ပခုံးဆစ်တွင်ပါ ကိုက်ခဲခြင်း၊ လက်မောင်းကပ်ခြင်း၊

            ၅။ ခေါင်း ဘယ်ညာလှည့်လျှင်၊ ခေါင်းငုံ့လျှင်၊ ခေါင်းမော့လျှင် ချာချာလည်မူးခြင်း၊

            ၆။ ညအိပ်လျှင် ခေါင်းအုံးပေါ် ခေါင်းချပြီးနောက် တစ်နာရီခန့်အကြာတွင် လက်များ ထုံကျဉ်ပြီး လန့်နိုးခြင်း။

နှလုံးရောဂါနှင့် မှားတတ်

အထက်ဖော်ပြပါခံစားချက်များတွင် ကျီးပေါင်းမှ ထွက်သော အတက်သည် လည်ပင်းဘေးတစ်ဖက် တစ်ချက်ရှိ ဦးနှောက်သို့ သွေးပို့သည့် သွေးကြောမကြီး များကို သွားဖိမိလျှင် (အထူးသဖြင့် ခေါင်းအလှည့်၊ အငုံ့၊ အမော့တွင် ဖိမိလျှင်) ဦးနှောက်သို့ သွေးမရောက် တော့သဖြင့် ချာချာလည်မူးသွားတတ်သည်။ ထိုသို့မူးသည်ကို ရင်တွင်းမှ ပျို့အန်ချင်သလို ခံစားချက်ပါတွဲဖြစ်သဖြင့် နှလုံးမကောင်းဟု ယူဆပြီး နှလုံးရောဂါဆရာဝန်ကို သွားရောက်ပြသသူများရှိသည်။

ဇက်ကျီးပေါင်းတက်ရောဂါဖြစ်လျှင် အကြောအဆစ်ပညာရှင် ဆရာဝန်များညွှန်ကြားသည့် ဦးခေါင်းလေ့ကျင့်ခန်း(ဘယ်လှည့်၊ ညာလှည့်၊ ငုံ့၊ မော့)ကို နေ့စဉ်မှန်မှန်ပြုလုပ်ပါ။ လိုအပ်လျှင် ဆေးခန်းများတွင် Traction ခေါ် ဇက်ဆွဲကုသခြင်းကိုခံယူပါ။ ထိုသို့ ကုသခြင်းကို ရက်ရှည်ပြုလုပ်ရလျှင်လည်း စိတ်ရှည်ရှည်ထား၍ လုပ်ဆောင်ပါ။

ဇက်ကျီးပေါင်းရောဂါ သက်သာစေနိုင်သော ဆေးနည်းတိုများ

            ၁။ မုန်ညင်းဆီ ငါးကျပ်သားတွင် ကွမ်းရွက်သုံးရွက်ထည့်ပြီး ဆူအောင်ကျိုချက်ပါ။ထိုဆီကို ခပ်နွေးနွေးထားပြီး ဇက်တွင်

စိမ့်ဝင်အောင် လိမ်းပါ။

            ၂။ ကွမ်းရွက်ကို မီးကင်ပြီး မုန်ညင်းဆီသုတ်၍ ဇက်တွင် ကပ်ပေးလျှင် ဇက်ကြော တက် သက်သာစေနိုင်သည်။

၃။ သင်္ဘောရွက်ကို ပျော့အောင် ခေတ္တရေနွေးစိမ်ပါ။ ပျော့လျှင် ဇက်နှင့်လက်ပြင်များတွင် ကပ်ပေးပါ။ ကျီးပေါင်းတက်၍ ဇက်လှည့်မရခြင်းကို သက်သာစေနိုင်သည်။

            ၄။ ချင်းတက်ကို ပါးပါးလှီးပြီး နားထင်နှစ် ဖက်နှင့် ဇက်ရင်းတွင်ကပ်ပါ။ ကျီးပေါင်းကြောင့် မူးခြင်းကို သက်သာစေနိုင်သည်။

            ၅။ ရဲယိုရွက်ကို မီးကင်၊ နှမ်းဆီသုတ်ပြီး ဇက်တွင်ကပ်လျှင်  ကျီးပေါင်းကြောင့်ကိုက်ခဲခြင်း သက်သာစေသည်။

၆။ မိဿလင်အမှုန့်ကို ပိတ်စဖြင့် လက်သီး ဆုပ်အရွယ်ခန့်ထုပ်ပြီး ကျပ်ထုပ်ပြုလုပ်ပါ။ ရေနွေးငွေ့ခံပြီး ကျပ်ထုပ်ထိုးပေး လျှင် ကျီးပေါင်းတက်ရောဂါ သက်သာ စေနိုင်သည်။

၇။ နနွင်းမှုန့်ကို မီးကျီးခဲပေါ်တွင် ဖြူးပြီး အငွေ့ကို ရှူပေးပါက ကျီးပေါင်းကြောင့်ဇက်ကြောထိုးခြင်း၊ ခေါင်းအုံခြင်း၊ မျက်ရိုးကိုက်ခြင်းများ သက်သာစေနိုင်သည်။ 

၈။ မျက်နှာသစ်သည့်အခါတိုင်း ရေကို လက်ခုပ်ဖြင့်ယူပြီး ဇက်ပိုးတွင်ရိုက်ပေးလျှင် ဇက်ကြောတင်းခြင်း သက်သာစေ နိုင်သည်။